- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်တွင် မူကြိုကျောင်းသို့ လမ်းလျှောက်ကာ အလုပ်လာရသော ကျောင်းစောင့်ကြီးအား ဝန်ထမ်းများ ငွေစုကာ ကားတစ်စီး လက်ဆောင်ပေး
အမေရိကန်တွင် မူကြိုကျောင်းသို့ လမ်းလျှောက်ကာ အလုပ်လာရသော ကျောင်းစောင့်ကြီးအား ဝန်ထမ်းများ ငွေစုကာ ကားတစ်စီး လက်ဆောင်ပေး
- 268 views
လူတစ်ဦးအား ၎င်းအလွန်လိုချင်နေသောပစ္စည်းတစ်ခု လက်ဆောင်ပေးကာ အံ့အားသင့်ရစေခြင်းထက် ပိုမိုကောင်းမွန်သောအရာ မရှိချေ။
ကျောင်းစောင့်ကြီးတစ်ဦး ၎င်း၏ဘဝတွင် အကြီးမားဆုံး အံ့အားသင့်ဖွယ် လက်ဆောင်ပစ္စည်းတစ်ခု ရရှိခဲ့ပုံကို ရိုက်ကူးထားသည့် အွန်လိုင်းတွင် အလွန်ကျော်ကြားခဲ့သော ဗွီဒီယိုဖိုင်တစ်ခုမှာ ကြည့်ရှုရသူတို့၏ နှလုံးသား များကို နွေးထွေးစေခဲ့သည်။
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်၊ Locust Grove မြို့မှ Unity Grove အမည်ရှိ မူကြိုကျောင်းတွင် ခရစ် ဂျက်ဆင်အမည်ရှိ ကျောင်းစောင့်ကြီးတစ်ဦးရှိသည်။
ခရစ် ဂျက်ဆင်တွင် စီးစရာ မော်တော်ကား ပိုင်ဆိုင်ခြင်း မရှိချေ။
ကျောင်းစောင့်ကြီး ဂျက်ဆင်သည် ကျောင်းသို့ နေ့တိုင်းလမ်းလျှောက်၍ လာသည်ကို ကျောင်းမှ ဝန်ထမ်းတစ်ဦး က သတိပြုမိရာ ဂျက်ဆင်အတွက် တစ်ခုခု လုပ်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။
ကျောင်းစောင့်ကြီးအတွက် ကားတစ်စင်းဝယ်ပေးနိုင်ရန် ငွေကြေးစုဆောင်းကောက်ခံမည်ဟု ကျောင်းမှ ဆရာ ၂ ဦးက ဆုံးဖြတ်ခဲ့ကြသည်။
Unity Grove မူကြိုကျောင်းက ဂျက်ဆင်အား မော်တော်ကားလက်ဆောင်ပေးခဲ့ပုံ ဗွီဒီယိုဖိုင်ကို ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။
“ဒီနေ့ဟာ အချိန်အကြာကြီး ကြည်နူးပျော်ရွှင်ရတဲ့နေ့တွေထဲက တစ်ရက်ပါပဲ” ဟု ဗွီဒီယိုဖိုင်နှင့်အတူ ရေးသားဖော်ပြခဲ့သည်။
“ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ရက်ရောမှုနဲ့ မစ္စတာ ဂျက်ဆင်ကို သူလိုအပ်နေတဲ့အချိန်မှာ ကူညီပေးနိုင် ခဲ့ပါတယ်”
“ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း မစ္စ Combs နဲ့ မစ္စ MacDonald တို့ဟာ သူ့အတွက် နေစရာနဲ့ အထွေထွေစရိတ်တွေအတွက် ငွေကြေးစုဆောင်းကောက်ခံ ကူညီပေးခဲ့ပါတယ်”
(ဓာတ်ပုံ-Facebook/ Unity Grove Elementary)
“ဒီနေ့မှာ ဝန်ထမ်းတွေက ဂျက်ဆင်ကို ကားတစ်စင်းလက်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ လမ်းလျှောက်စရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ အများကြီးသိပ်မသိပေမယ့် ဒီကားက သူအကြိုက်ဆုံး ကားပုံစံမျိုးပါ။ ဒီကားဟာ သူ့အတွက်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူအံ့အားသင့်သွားခဲ့ပါတယ်”
ဂျက်ဆင်က “အိုး..နတ်ဖုရား..ဘုရားသခင် ! ကျေးဇူးပါ။ အားလုံးကို ကျေးဇူးပါ ! ကျွန်တော် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ” ဟု ပြောခဲ့သည်။
“ဒီလိုရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ ကျွန်တော့်အတွက် အံ့ဖွယ်ရာပါပဲ”
ကားဝယ်ရန် ငွေကြေးစုဆောင်းကောက်ခံပေးသူများတွင် Unity Grove မူကြိုကျောင်းမှ ဆရာတစ်ဦးဖြစ်သူ Jodi Combs လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
Jodi Combs နှင့် ကျောင်းမှ အခြားဆရာမ တစ်ဦးဖြစ်သူ မီဂန် မက်ဒေါ်နယ် (Megan MacDonald) တို့က ကျောင်းစောင့်ကြီး ဂျက်ဆင်မှာ ခက်ခဲသောဘဝဖြတ်သန်းမှုနှင့် ရင်ဆိုင်နေရကြောင်း တွေ့ခဲ့ကြသည်။
“ဂျက်ဆင်က အကူအညီလိုတဲ့အခါတိုင်း ဖြစ်အောင်ကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်မျိုးပါ” ဟု ဂျိုဒီက Fox News သတင်းဌာနသို့ ပြောသည်။
“ကလေးတွေက သူ့ကို လေးစားတယ်။ ဆရာတွေကလည်း သူ့ကိုလေးစားတယ်။ သူက အရမ်းအလုပ်ကြိုးစား တဲ့သူပါ”
(ဓာတ်ပုံ-Facebook/ Unity Grove Elementary)
ကျောင်းစောင့်ကြီး ဂျက်ဆင်ကိုယ်တိုင်လည်း ကားဝယ်ရန် ငွေစုနေမှုရှိသည်။
သို့သော် အနည်းငယ်မျှသာ စုဆောင်းမိသေးသည်။
ကျောင်းမှ ဆရာများ၊ တပည့်များနှင့် ဒေသခံတို့ ဝိုင်းဝန်းထည့်ဝင်ငွေ ဒေါ်လာ ၁၀၀၀ ရခဲ့သော်လည်း ထိုပမာဏမှာ ကားဝယ်ရန်အတွက် အလွန်နည်းပါးနေသည်။
ထို့ကြောင့် ဆရာများက Unity Grove မူကြိုကျောင်းမှ ဝန်ထမ်းများအတွက် သီးသန့် ဖေ့စ်ဘုတ်ဂရုတစ်ခု ဖွဲ့စည်းလိုက်ကာ ငွေကြေးကူညီထောက်ပံ့ကြပါရန် အကူအညီတောင်းခံခဲ့သည်။
ထိုနောက်တွင်ကား နာရီအနည်းငယ်အတွင်း ကားဝယ်ရန် လိုအပ်သည့်ငွေ ရရှိခဲ့ကာ ဂျက်ဆင်၏ ဘဝအတွက် အကြီးမားဆုံး အံ့အားသင့်ဖွယ် လက်ဆောင်တစ်ခု ပေးနိုင်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Teachers leave janitor stunned with surprise new car after seeing him walk to school everyday (unilad)
Photo Credit- Facebook/Unity Grove Elementary