YBS ယာဉ်များတွင် ခါးပိုက်နှိုက်အန္တရာယ်ကာကွယ်ရန် CCTV နှင့် ခါးပိုက်နှိုက် သတိပေးစတေကာများ တပ်ဆင်ရမည်

  • 189 views

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ကားများပေါ်၌ အများပြည်သူကြုံတွေ့နေရသည့် ခါးပိုက်နှိုက်အန္တရာယ် ကာကွယ်ရန် CCTV ကင်မရာများ နှင့် “ ခါးပိုက်နှိုက် သတိပြု” သတိပေးစတေကာများ တပ်ဆင်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

လက်ရှိတွင် YBS ကုမ္ပဏီများအားလုံးကို လာမည့် ဇွန် ၃၀ ရက် နောက်ဆုံးထားကာ YBS ယာဉ်များ၌ CCTV တပ်ဆင်ဖို့ ညွှန်ကြားထားတာဖြစ်ပြီး “ခါးပိုက်နှိုက် သတိပြု” သတိပေးစတေကာများကိုလည်း မေလ ၁၆ ရက်နေ့ကတည်းက စတင် ဖြန့်ဝေထားကြောင်းသိရသည်။

"  YBS ယာဉ်တွေမှာ CCTV မတပ်ဆင်ထားတာတွေ ရှိနေပါသေးတယ်။ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီး တပ်ဆင်ဖို့ YBS ကုမ္ပဏီများကို ညွှန်ကြားထားပြီးပါပြီ၊ အဲဒီနေ့နောက်ပိုင်း တပ်ဆင်မှု မရှိဘူးဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အများပြည်သူစီးနင်းတဲ့ YBS ယာဉ်တွေမှာ ခါးပိုက်နှိုက်ခံရတာတွေ ခဏခဏ ကြားသိနေရပါတယ်။ CCTV မတပ်ဆင်ထားတဲ့ YBS ယာဉ်များပေါ်မှာ အဖြစ်များတာလည်း တွေ့နေရပါတယ်။ CCTV တပ်ဆင်ထားတယ်ဆိုရင် ခါးပိုက်နှိုက်အန္တရာယ်ကို YRTC Control Center မှ နောက်ဆက်တွဲ ဖော်ထုတ်မှုအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု YRTC ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် YBS စီး ခရီးသွားပြည်သူများအတွက် ကြိုတင်ကာကွယ် သတိပြုမိစေရန် ခါးပိုက်နှိုက် သတိပြု စတေကာများကို YBS ယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏အနောက်ဖက်တွင် စတေကာ(၁)ခု၊ ယာဉ်၏ အနောက်ဘက်ခြမ်းတွင် စတေကာ(၁)ခု၊ လှေကားအဆင်း တံခါးပေါက်တွင် စကေတာ(၁)ခုနှင့် Mini Bus ယာဉ်များအတွက် လှေကားအတက် ယာဉ်မောင်း၏အနောက်၌ စတေကာ(၁)ခု၊ ယာဉ်၏ ဘေးဘယ်/ညာ၌ စတေကာ(၁) ခုစီ တပ်ဆင်သွားရမည်ဟု သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်ရန် စစ်ဆေးရေးအဖွဲ့ ၈ ဖွဲ့နှင့် ယာဉ်ကြောရှုပ်ထွေးသည့် မှတ်တိုင် ၁၆ ခုတွင် ခရိုင် ၃ ခရိုင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ် စစ်ဆေးကြပ်မတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com