နာဇီခေါင်းဆောင် ဟစ်တလာ စစ်ရေးပြပွဲများတွင် အကြိမ်ကြိမ် အသုံးပြုခဲ့သော ၁၉၃၉ ခုနှစ်ထုတ် Mercedes-Benz 770K Grosser

  • 811 views

 


Classic ကားလောကတွင် အခြားကားများထက် ခေါင်းတစ်လုံး၊ နှာတစ်ဖျား ပိုသာနေသော ကားများရှိသည်။

ထိုသို့သော ကားမျိုးတွင် Mercedes-Benz 770K Grosser လည်း အပါအဝင်ဖြစ်၏။

Mercedes-Benz 770K Grosser မှာ နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ နှစ်သက်သောကားဖြစ်သည်ဟု ဆိုသည်။

မူရင်း ကားနံပါတ် IA ၁၄၈၄၆၁ နံပါတ်ဖြင့် ၁၉၃၀ ပြည့်လွန်နှောင်းပိုင်းကာလများက ထုတ်လုပ်ခဲ့သော Mercedes-Benz 770K Grosser (သို့မဟုတ်) Grand ကို ဂျာမန်အဓိပတိ ဟစ်တလာက ဥရောပတစ်ခွင် သွားလာရာတွင် ကြိမ်ဖန်များစွာ အသုံးပြုခဲ့သည်။

ဤကားသည် နာဇီအဓိပတိကြီး စီးနင်းခဲ့သော ကားများအနက်တစ်စင်းအပါအဝင်ဖြစ်ကြောင်း သမိုင်းအထောက်အထားများစွာရှိသည်။

Chassis number မှာ 189744 ဖြစ်ပြီး ၈ စင်းသာ ထုတ်လုပ်ခဲ့သော W150 770K မော်ဒယ်ဖြစ်သည်။

ယနေ့အခါ အဆိုပါ ကားမျိုး ၅ စင်းသာ ရှိတော့ပြီး ဟစ်တလာစီးခဲ့သော ကားလည်း တစ်စင်းအပါအဝင် ဖြစ်သည်။

ယနေ့တိုင်ကျန်ရှိသည့် ၅ စင်းအနက် ယခုတစ်စီးအပါအဝင် ၃ စီးမှာ ပုဂ္ဂလိကပိုင်ဖြစ်ပြီး ကျန် ၂ စင်းမှာ ကမ္ဘာတစ်လွှားရှိ ပြတိုက်များတွင် ပြသထားသည်။

 

(ဟစ်တလာ၏ Mercedes-Benz 770K Grosser ။ ဓာတ်ပုံ-Getty Images)

 

ဟစ်တလာနှင့် Mercedes-Benz 770K Grosser ၏ အကျော်ကြားဆုံး ဓာတ်ပုံမှာ အထက်တွင် ဖော်ပြထား သော ဓာတ်ပုံဖြစ်သည်။

၁၉၄၀ ပြည့်နှစ်တွင် ပြင်သစ်အား သိမ်းပိုက်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲခံသည့် ဘာလင်မြို့ စစ်ရေးပြပွဲတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်။

ယူဂိုဆလားဗီးယားနှင့် ဂရိနိုင်ငံတို့ကို သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၁ ခုနှစ်အတွင်း ကျင်းပခဲ့သော အောင်ပွဲခံ စစ်ရေးပြပွဲတွင်လည်း ဤကားကို သုံးခဲ့ဖူးသည်။

ထို့အပြင် အီတလီအာဏာရှင် ဘင်နီတို မူဆိုလီနီသည်လည်း ဂျာမနီသို့ လာရောက်လည်ပတ်သည့် ခရီးစဉ်များ တွင် ဟစ်တလာ၏ Mercedes-Benz 770K Grosser ကို ကြိမ်ဖန်များစွာ စီးခဲ့ဖူးသည်။

ဤကားသည် တစိတ်တပိုင်းအားဖြင့် သံချပ်ကာဖြစ်ပြီး ဟစ်တလာ၏ ပိုင်ဆိုင်မှုတွင် ပြင်သစ်နိုင်ငံ၌ နောက်ဆုံး အဆုံးသတ်ခဲ့သည်။

အမေရိကန်တပ်ဖွဲ့များက ဤကားကို တွေ့ရှိခဲ့ကြသော်လည်း ကား၏ သမိုင်းကြောင်းကို မသိခဲ့ကြဘဲ စစ်သုံးကားအဖြစ် လပေါင်းများစွာ အသုံးပြုခဲ့ကြသည်။

 


(၂၀၁၇ ခုနှစ်အတွင်းက လေလံတင်ရောင်းချခဲ့ဖူးပြီး ကန်ဒေါ်လာ ၁၀ သန်းခန့် ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့ကြကာ ဈေးနှုန်းမည်မျှဖြင့် ရောင်းထွက်ခဲ့သည်ကိုမူ မသိရချေ။)

 


၁၉၄၆ ခုနှစ်တွင် ဘယ်လ်ဂျီယံမှ ဝယ်လက်တစ်ဦးထံ ရောင်းချခဲ့ပြီး ယင်းနောက် အမေရိကန်မှ ဆေးရွက်ကြီး ကုန်သည်တစ်ဦး၏ လက်သို့ ရောက်ရှိခဲ့ပြန်သည်။

ထိုသူက မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ ပြတိုက်တစ်ခုသို့ လှူဒါန်းခဲ့သည်။

ဤကားသည် ပြတိုက်တွင် နှစ်အတန်ကြာအသုံးမပြုဘဲရှိနေခဲ့ပြီးနောက် ကားဝယ်ယူစုဆောင်းသူတို့က ၁၉၇၆ ခုနှစ်တွင် ပြတိုက်မှ ဝယ်ယူခဲ့ကြသည်။

ဝယ်ယူလိုက်သူတို့က ကား၏ သမိုင်းကြောင်းကို သိရှိလာပြီးနောက်တွင် မူလအနေအထားနီးပါး ပြန်လည်ရရှိ စေရန် ပြန်လည်မွမ်းမံခဲ့ကြသည်။

 


(Mercedes-Benz 770K Grosser ကို W150 ဟုလည်းခေါ်ကြသည်)

 

ယင်းနောက်ပိုင်း လက်လွှဲလက်ပြောင်း အနည်းငယ်ဖြစ်ခဲ့ပြီးနောက် လာ့စ်ဗီးဂပ်စ်မြို့မှ ကာစီနိုလုပ်ငန်းရှင် တစ်ဦးက ဝယ်ယူခဲ့သည်။

ထိုသူသည် Hitler Themed သီးသန့် မွေးနေ့ပါတီပွဲများ ကျင်းပလေ့ရှိသူဟု နာမည်ကြီးသူလည်း ဖြစ်သည်။

၎င်းကွယ်လွန်ပြီးနောက် Mercedes-Benz 770K Grosser မှာ ဥရောပသို့ ပြန်လည်ရောက်ရှိခဲ့သည်။

နောက်ပိုင်းတွင် ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်ခဲ့သည်။

 

(ဟစ်တလာက Mercedes-Benz 770K Grosser ကို စစ်ရေးပြပွဲများတွင် အကြိမ်ကြိမ် အသုံးပြုခဲ့သည်)

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: This Infamous 1939 Mercedes 770K Grosser With A Dark History Is For Sale (carandbike)

Photo Credit-Getty Images