အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ပြည်မှ လျှပ်စစ်ကားများကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေညာ

  • 312 views

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ပြည်ထုတ် လျှပ်စစ်ကားများကို ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံ မည်ဟု ကြေညာလိုက်သည်။

အမေရိကန် ထုတ်လုပ်သူတို့အား ဈေးပေါသော သွင်းကုန်များမှ အကာအကွယ်ပေးရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလုပ်ဆောင်မှုမှာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးမားဆုံး ၂ နိုင်ငံအကြား ကုန်သွယ်ရေး တင်းမာမှုများ ပေါ်ပေါက်လာစေဖွယ် ရှိသည်။

တရုတ်ပြည်မှ အမေရိကန်သို့ တင်ပို့နေသော ပို့ကုန် ကန်ဒေါ်လာ ၁၈ ဘီလီယံဖိုးခန့်အပေါ်တွင် ပိုမိုတင်းကြပ် စွာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်းလည်း အမေရိကန်အစိုးရက ထုတ်ပြန်ထားသည်။

၄ နှစ်ကြာ သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ယခုကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက The Guardian သတင်းဌာနသို့ ပြောသည်။

ဈေးပေါသော တရုတ်ပြည်ထုတ် ကုန်ပစ္စည်းများ အမေရိကန်ဈေးကွက်သို့ အလုံးအရင်းဝင်ရောက်နေမှုကို ရပ်တန့်စေရန်နှင့် အမေရိကရှိ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အကာအကွယ်ပေးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

အကောက်ခွန်မြှင့်တင်မှုအနေဖြင့် တရုတ်ပြည်မှ လျှပ်စစ်ကားများကို မူလက ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ ၁၀၀ ရာခိုင်နှုန်း၊ လီသီယံ ဘက်ထရီများကို မူလ ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု ၂၅ ရာခိုင်နှုန်း၊ အရေးကြီးသော တွင်းထွက်ပစ္စည်းများကို မူလ အခွန် သုညရာခိုင်နှုန်းမှ ယခု ၂၅ ရာခိုင်နှုန်း၊ ဆိုလာပြားများကို မူလ ၂၅ ရာခိုင်နှုန်းမှ ယခု ၅၀ ရာခိုင်နှုန်းနှင့် ဆီမီးကွန်ဒတ်တာများကို မူလ ၂၅ ရာခိုင်နှုန်းမှ ယခု ၅၀ ရာခိုင်နှုန်းသို့ အသီးသီး တိုးမြှင့်ကောက်ခံသွားမည် ဖြစ်သည်။

စတီး၊ အလူမီနီယမ်နှင့် တကိုယ်ရည် အကာအကွယ်သုံး ဝတ်စုံပစ္စည်း (PPE) များကို မူလက သုညမှ ၇ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံမည် ဖြစ်သည်။

တရုတ်အစိုးရ အာဘော်ဖြစ်သော ဆင်ဟွာသတင်းဌာန၏ အယ်ဒီတာ့အာဘော် ဆောင်းပါးတွင် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြခဲ့သည်မှာ အမေရိကန်အစိုးရ၏ လုပ်ရပ်မှာ လွတ်လပ်စွာ ကုန်သွယ်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့ကို ထိခိုက်ပျက်စီးစေကြောင်း၊ ယခုကဲ့သို့ အခွန်တိုးမြှင့်မှုအတွက် ထိခိုက်စေမည်မှာ အမေရိကန်ပြည်သူများသာဖြစ်ကြောင်း သုံးသပ်ဝေဖန်ထားသည်။

“အမေရိကန်ဟာ တံခါးဖွင့် စီးပွားရေးနဲ့ လွတ်လပ်စွာကုန်သွယ်မှုကို အမွှမ်းတင်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေက ပြောတဲ့စကားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ တရုတ်ပြည်နဲ့ အဆက်ဖြတ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး..တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူးလို့ ကတိပြု ထားပေမယ့် လုပ်ရပ်တွေက တခြားစီဖြစ်နေပါတယ်” ဟု ဆင်ဟွာသတင်းဌာန၏ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြသည်။

တရုတ်အစိုးရ၏ လက်တုံ့ပြန်မှုများ ပေါ်ပေါက်လာမည့် အန္တရာယ်ရှိသော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောသည်မှာ အကောက်ခွန်တိုးမြှုင့်မှုမှာ တရုတ်ပြည်မှ အလွန်အကျွံထုတ်လုပ်နေသော EV များအတွက် အချိုးညီသည့် တုံ့ပြန်မှုဖြစ်ကြောင်း ပြောသည်။

သတင်းရင်းမြစ်များက ပြောသည်မှာ တရုတ်ပြည်သည် တစ်နှစ်လျှင် လျှပ်စစ်ကား အစင်းရေ သန်း ၃၀ ခန့် ထုတ်လုပ်နေကြောင်း၊ သို့သော် ပြည်တွင်းတွင် ၂၂ သန်းမှ ၂၃ သန်းကြားသာ ရောင်းချနိုင်ကြောင်း ပြောသည်။

ယခုနှစ်ဧပြီလအတွင်း ဂျိုးဘိုင်ဒန်က ပြောခဲ့သည်မှာ တရုတ်ပြည်နှင့် ရန်ဖြစ်ရန် ကြိုးစားနေခြင်းမဟုတ်ကြောင်း၊ သို့သော် အမေရိကန်အနေဖြင့် တရုတ်ပြည်၏ မမျှတသည့် စီးပွားရေးလုပ်ရပ်များကို ရင်ဆိုင်ကာကွယ်ရန် လိုအပ်ကြောင်း ပြောသည်။

“ကျွန်တော် ယှဉ်ပြိုင်ဖို့ လုပ်နေတာမဟုတ်ပါဘူး။ မျှတတဲ့ ယှဉ်ပြိုင်မှု လုပ်ဖို့ ကြိုးစားနေတာပါ” ဟု ဂျိုးဘိုင်ဒန်က ပြောသည်။

ယခု တိုးမြှုင့်ကောက်ခံမည့် အကောက်ခွန်နှုန်းသည် မေလ ၁၄ ရက်မှ ရက်ပေါင်း ၉၀ အကြာတွင် စတင်အသက်ဝင်မည်ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Biden announces 100% tariff on Chinese-made electric vehicles (theguardian)

Ref:  Getty  image