ကားဈေးကွက် အရောင်းအဝယ်အေးစက်ခြင်းမရှိပဲ ထိုက်သင့်သလောက် အရောင်းအဝယ်ဖြစ်နေ

  • 398 views

ပြည်တွင်း ကားဈေးကွက်အတွင်း လက်ရှိအချိန်တွင် အရောင်းအဝယ်အေးစက်ခြင်းမရှိဘဲ ထိုက်သင့်သလောက် အရောင်းအဝယ်ဖြစ်နေကြောင်း မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း  အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်ကပြောသည်။

ယင်းအပြင် လက်ရှိကားဈေးကွက် အရောင်းအဝယ်အေးစက်သည်ဟု ပြောဆိုနေသူများသည် ကားလောကရေစီးကြောင်းထဲတွင် ပါဝင်သူများမဟုတ်ကြောင်း ၎င်းကဆိုသည်။

 “  ကားဈေးကွက်ကတော့ အပိုင်းလိုုက်ပြောရမှာပေါ့။ ဧပြီ ပထမအပတ် မှာတော့ နည်းနည်းအေးတာပေါ့။ ဧပြီ နောက်ဆုံးအပတ်မှာတော့ လှုပ်လှုပ်ရှားရှားလေးစဖြစ်လာပြီးတော့ ။  မေလ ပထမအပတ်လောက်ကစပြီး အရောင်းအဝယ်လေး အရင်ထက်ပိုစိတ်လာတာပေါ့။ လက်ရှိ အရောင်းအဝယ်အေးတယ်လို့ပြောတဲ့သူတွေကတော့ ကားလောကရဲ့ ရေစီးကြောင်းထဲကို လိုက်ပါ စီးမျှောသူမဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ ကားဈေးကျတယ်ဆိုပြီးတော့ မနှစ်ကဒီလိုအခြေအနေမှာလည်း ဒီစကားပြောခဲ့ရတာ။ အခု မေလဆန်းကစပြီး ၊လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ ကားဈေးကွက်က မေလနဲ့ ဇွန်လ တတိယပတ်လောက်အထိ ခပ်စိပ်စိပ်အရောင်းအဝယ်ဖြစ်လာတာ ကားဈေးကွက်ရဲ့ ထုံးစံပေါ့။ ဈေးတက်တယ်လို့ တိုက်ရိုက်ကြီးမပြောချင်ပေမယ့် အရောင်းအဝယ်ပိုသွက်လာတယ်ပေါ့။ ဒါကနှစ်တိုင်း ဒီလိုအချိန်မှာဖြစ်တဲ့အတွက် တိုက်ဆိုင်တာလည်းပါတယ်။ နိုင်ငံခြားငွေကြေးတွေ၊ နောက်ပြီး ရွှေဈေးကတက်လာတဲ့အတွက် ရွှေရောင်းပြီး ကားဝယ်မယ်ဆိုတဲ့အရာကလည်း ရာခိုင်နှုန်းတစ်ခုပါဝင်တဲ့အတွက်ကိုတော့ အရောင်းအဝယ်က ဖြစ်လာတယ်” ဟု  ဦးကျော်စွာထွန်းမြင့် ကပြောသည်။

လက်တလော ပြည်တွင်း အခေါက်ရွှေဈေးနှုန်းများ စံချိန်တင်မြင့်တက်လာခြင်းသည် ကားဈေးကွက်ကို တိုက်ရိုက်မသက်ရောက်သော်လည်း ရာခိုင်နှုန်းအတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိကြောင်း သို့သော် ရာခိုင်နှုန်း များစွာသက်ရောက်မှုမရှိဘဲ ဒေါ်လာဈေး အတက်ဘက်မှာ ရှိနေသ၍ ကားဈေးအတက်ဘက်တွင်သာရှိမည် ဖြစ်ကြောင်း နှစ်စဉ်နှစ်တိုင်း မေလ နှင့် ဇွန်လသည် ကားဈေးကွက်တွင် လှုပ်လှုပ်ရှားရှားဖြစ်လေ့ဖြစ်ထရှိကြောင်း ၎င်းကပြောသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com