- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်၊ မိုင်အမ်မီမှ ရဲတပ်ဖွဲ့က လူသစ်စုဆောင်းနိုင်ရေး ဆွဲဆောင်နိုင်ရန် Rolls Royce Ghost ကားဖြင့် ကင်းလှည့်
အမေရိကန်ပြည်၊ မိုင်အမ်မီမှ ရဲတပ်ဖွဲ့က လူသစ်စုဆောင်းနိုင်ရေး ဆွဲဆောင်နိုင်ရန် Rolls Royce Ghost ကားဖြင့် ကင်းလှည့်
- 151 views
အမေရိကန်ပြည်ထောင်စု၊ မိုင်အမ်မီကမ်းခြေရဲဌာန (MBPD) သည် ဒေါ်လာ ၂၅၀,၀၀၀ တန်ကြေးှရှိသော Rolls-Royce ကားတစ်စီးကို မီးတန်းများ၊ ဥသြများ တပ်ဆင်ကာ ကင်းလှည့်ကားအဖြစ် အသုံးပြုပြီး လူသစ် စုဆောင်းရေး မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့သည်။
“MBPD လူသစ်စုဆောင်းရေးဌာနအတွက် အံ့ဖွယ်ကားတစ်စင်း ဖြည့်တင်းနိုင်မှုအပေါ် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်” ဟု အဆိုပါရဲဌာနက X လူမှုကွန်ရက်တွင် ဖော်ပြသည်။
Luxury ကား အရောင်းကုမ္ပဏီဖြစ်သော Braman Motors က ယခုကားကို မိုင်အမ်မီ ကမ်းခြေရဲဌာနထံ ငှားရမ်းပေးထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်သစ်များ ဝင်ရောက်လာရေး ဆွဲဆောင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
MBPD အကြီးအကဲ Wayne Jones က ပြောသည်မှာ လက်ရှိကာလတွင် ရဲအရာရှိသစ်များ စုဆောင်းနိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။
ယခုကားက လူသစ်စုဆောင်းရေးတွင် အထောက်အကူဖြစ်ဖွယ်ရှိကြောင်း မျှော်လင့်ထားသည်ဟုလည်း ၎င်းက ပြောသည်။
“မျက်မှောက်ကာလ အမေရိကမှာ ရဲအရာရှိသစ်တွေ စုဆောင်းရတာဟာ ခက်ခဲပါတယ်။ လူသစ် စုဆောင်း နိုင်ဖို့အတွက် ဒီကားကို အသုံးပြုရတာ အရမ်းကောင်းပါတယ်” ဟု Wayne Jones က ပြောသည်။
MBPD က အသုံးပြုမည့် ၂၀၁၂ ခုနှစ်ထုတ် Roll-Royce Ghost နှင့် ပတ်သက်ပြီး ငွေကြေးသုံးစွဲမှု ကဏ္ဍကို မေးခွန်းထုတ်ကြသူများ ရှိသည်။
သို့သော် MBPD က ပြောသည်မှာမူ အဆိုပါ မော်တော်ကားသည် အခွန်ထမ်းတို့အတွက် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်စေမည်မဟုတ်ကြောင်း ပြောသည်။
Miami Herald သတင်းဌာန၏ ဖော်ပြချက်အရ ထိုကားသည် ကားအရောင်းကုမ္ပဏီထံမှ ငှားရမ်းထားခြင်း ဖြစ်ပြီး နောင်တချိန်တွင် ပြန်အပ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။
Braman Motors ကုမ္ပဏီကို မိုင်အမ်မီမှ ဘီလျံနာ Norman Braman က ပိုင်ဆိုင်သည်။
မိုင်အမ်မီရဲတပ်ဖွဲ့က အသုံးပြုမည့် Roll-Royce အတွက် ဆီဖိုးနှင့် ပြုပြင်ထိန်းသိမ်းစရိတ်တို့ကို Braman Motors က ကျခံပေးမည်ဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့ပိုင်ဆိုင်ထားစဉ်ကာလအတွင်း ထိခိုက်ပျက်စီးမှုများကိုသာ တာဝန်ယူပေးရမည် ဖြစ်သည်။
ယခုကဲ့သို့ Sponsor ပေးမှုမှာ မြို့၏ မူဝါဒနှင့်လည်း ကိုက်ညီမှုရှိကြောင်း ရဲတပ်ဖွဲ့နှင့် Braman Motors ကုမ္ပဏီ ၂ ဘက်လုံးက ထုတ်ပြန်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Miami Beach Police Department uses Rolls Royce Ghost to drive recruitment (timesofindia)