• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Tesla တွင် မရောင်းရသော မော်တော်ကား များစွာရှိနေပြီး လေဆိပ်များနှင့် ဈေးဝယ်စင်တာတို့၏ ကားပါကင်များတွင် စုပြုံထားရှိထားရ

Tesla တွင် မရောင်းရသော မော်တော်ကား များစွာရှိနေပြီး လေဆိပ်များနှင့် ဈေးဝယ်စင်တာတို့၏ ကားပါကင်များတွင် စုပြုံထားရှိထားရ

  • 437 views


Tesla သည် ထုတ်လုပ်သည့် ပမာဏအတိုင်း ရောင်းကုန်အောင် ရောင်းချနိုင်ခြင်း မရှိခဲ့ရာ ကားပါကင်များတွင် Tesla ကားများဖြင့် ပြည့်နှက်လာနေသည့်အကြောင်းရပ်မှာ လစ်လျူရှုထားရန် မဖြစ်နိုင်သော အကြောင်းရပ် တစ်ခု ဖြစ်လာသည်။

Tesla မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်ကာလအတွင်း ဝယ်လက်များ ထံ ပို့ဆောင်ပေးခဲ့သည့် ကားအစင်းရေထက် ၄၆,၅၆၁ စင်း ပိုမိုထုတ်လုပ်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါကားများ မည်သည့်နေရာတွင် ရှိနေသနည်း။

Tesla စက်ရုံများ၊ ဈေးဝယ်စင်တာများနှင့် လေဆိပ်များ၏ ကားပါကင်နေရာများတွင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့ရှိ Chesterfield ဈေးဝယ်စင်တာသည် Tesla ၏ မရောင်းရသောကားများ ထားရှိရာနေရာတစ်ခု ဖြစ်လာသည်။

အမေရိက လက်လီအရောင်းကဏ္ဍ လက်ရှိအခြေအနေကို ပြသနေသည့် သင်္ကေတတစ်ခုသဖွယ်ဖြစ်သော Chesterfield ဈေးဝယ်စင်တာကို ဖြိုချဖျက်သိမ်းကာ ကန်ဒေါ်လာ ၂ ဘီလီယံ တန်ကြေးရှိ ဘက်စုံသုံး စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။

ဈေးဝယ်စင်တာ၏ ပိုင်ရှင်ဖြစ်သော The Staenberg Group သည် လာမည့်သြဂုတ်လ ၃၁ ရက်တွင် ဈေးဝယ်စင်တာမှ အခန်းနေရာ ငှားရမ်းထားသူများ မထွက်ခွာမီ နောက်ဆုံးကျန်ရှိသည့် ဘဏ္ဍာငွေကို ခြစ်ခြုပ် သုံးစွဲနေရကြောင်း Staenberg Group ၏ ဒုတိယဥက္ကဌ Tim Lowe က KTVI သတင်းဌာနသို့ ပြောသည်။

“ဈေးဝယ်စင်တာကို ဖြိုမချမီ ကျန်ရှိနေတဲ့အချိန်တွေမှာ တခြားနည်းနဲ့ အသုံးပြုဖို့အစီအစဉ်တစ်ခု ချမှတ်ခဲ့ ပါတယ်။ ဒီလိုနည်းလမ်းတွေထဲက တစ်ခုကတော့ ကားပါကင်နေရာကို အသုံးပြုခွင့်ပေးတဲ့ နည်းလမ်းပါ”

“ဒီနေရာကို အသုံးပြုသူတွေထဲက တစ်ခုကတော့ Tesla ပါ။ သူတို့က Chesterfield Valley မှာ အရောင်းစင်တာတစ်ခု ရှိပါတယ်။ ဒါပေမယ့် ကားတွေအားလုံးထားဖို့ နေရာမရှိဘူး။ ဒါကြောင့် သူတို့ကားတွေ ထားဖို့ ကားပါကင်နေရာကို ငှားရမ်းအသုံးပြုလာကြပါတယ်”

Chesterfield ဈေးဝယ်စင်တာရှိ ကားပါကင်တွင် ထားရှိသော Tesla ကားအစင်းရေ အနည်းဆုံး ၃၀၀ ခန့်ရှိ ကြောင်း Tim Lowe က ခန့်မှန်းပြောကြားသည်။

ရောင်းမကုန်သော်လည်း Tesla က ထုတ်လုပ်မှုနှုန်း လျှော့ချခြင်း မရှိချေ။

ကယ်လီဖိုးနီးယားပြည်နယ်၊ Fremont ရှိ Tesla ၏ စက်ရုံကို မကြာသေးမီက ရိုက်ကူးထားသော drone ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရမှုအရ စက်ရုံဝန်းနှင့်အပြည့် မော်တော်ကားများ အလုံးအရင်း ထုတ်လုပ်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။

ဂျာမနီတွင် လူဦးရေ ၃၀၀၀ ခန့်သာရှိသော Neuhardenberg မြို့ကလေးတွင် လေဆိပ်ကားရပ်နားရန်နေရာသို့ Tesla ကားများ သယ်ယူပို့ဆောင်နေမှုမှာ ဆူညံလှသည်ဟုဆိုကာ ဒေသခံများ၏ တိုင်တန်းမှုများ ရှိသည်။

Tesla သည် ဝန်ထမ်း ၁၀ ရာခိုင်နှုန်း အလုပ်ထုတ်ပယ်မှုနှင့်အတူ ထုတ်လုပ်ထားသော ကား ၁၀ ရာခိုင်နှုန်းခန့် အတွက် ထားရှိရန် နေရာ ရှာဖွေနေရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tesla has so many unsold cars that it's storing them in an an abandoned mall parking lot (qz)