စက်သုံးဆီ ဆိုင်တွေကို ရှောင်တခင် စစ်ဆေးနေ

  • 416 views

 

ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချခြင်းရှိ မရှိ ရှောင်တခင်စစ်ဆေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ယင်းစစ်ဆေးချက်များအရ နိုင်ငံတကာပေါက်ဈေးနှင့် ပြည်တွင်းပေါက်ဈေး ကွာခြားချက်အပေါ် စစ်ဆေးမှုများ ပါဝင်လာခြင်းကြောင့် လက်တလော စက်သုံးဆီဈေးများ ကျဆင်းသွားကြောင်း သိရသည်။

“ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ဈေးပါ ကျသွားတာ ၊ နောက်ပြီး စက်သုံးဆီ ဆိုင်တွေမှာ ဓာတ်ဆီ မလောက်လို့ ကုန်ပြီမရောင်းဘူးဆိုတဲ့ ပြဿနာလည်း နည်းသွားတယ်၊ တကယ်တော့ ကုန်သည်တွေက ဈေးကျရင် မရှိဘူး ကုန်ပြီပြောတယ် ဈေးတက်ချိန်ကျတော့ ဆီတွေ ဆိုင်ထဲရောက်လာတယ်” ဟု တစ်ပိုင်တစ်နိုင် စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

ရန်ကုန်နှင့်မန္တလေးမြို့ကြီးများရှိ စက်သုံးဆီ ကုန်သည်ကြီးများသည် လက်ကားတင်သွင်းသူများနှင့် ပူးပေါင်းကာ ဈေးနှုန်းထိန်းချုပ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

လက်ရှိတွင် စွမ်းအင်ဝန်ကြီးဌာနမှ ရှောင်တခင်စစ်ဆေးမှုများကြောင့် စက်သုံးဆီဈေးများ ကျဆင်းလာပြီး ရန်ကုန်မြို့တွင် မေလ ၁၈ ရက်နေ့ ပေါက်ဈေးများအရ 92 ဓာတ်ဆီ တစ်လီတာလျှင် (၂၆၂၅) ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာလျှင် (၂၇၅၀) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၃၉၅) ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com