SKD ကား ထိန်းပြီးတင်သွင်းထုတ်လုပ်နေ

  • 595 views

 

ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် SKD ကားများ ဒေါ်လာငွေဈေး အပြောင်းအလဲများကြောင့် ဈေးကွက်အတွင်း အလုံးအရင်းရောင်းချခြင်းမရှိကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် ပါမစ်ကျပြီး SKD ကားများကိုသာ တင်သွင်းထုပ်လုပ်ရောင်းချနေပြီး ပါမစ် အသစ်လျှောက်ထားမှု မရှိကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒေါ်လာငွေက တခြားအရေးကြီးတဲ့ စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါးတွေ တင်သွင်းနေရတော့ ကားအတွက် လိုတဲ့ ဒေါ်လာကို အလွယ်မရဘူးပေါ့။ ကားဈေးကွက်ကလဲ ရောင်းတဲ့အပိုင်းမှာ လိုသလောက်ပဲ ကုမ္ပဏီအလိုက် ထိန်းပြီးတင်သွင်းထုတ်လုပ်နေပါတယ်” ဟု ၎င်းကပြောသည်။

ယခင်ဘဏ္ဍာနှစ်အတွက် SKD ကား အစီးရေ (၄၀၀) ကျော် တင်သွင်းထုတ်လုပ်ရန် သက်ဆိုင်ရာက ပါမစ်ချပေးထားပြီးဖြစ်ရာ ကုမ္ပဏီအလိုက် တစ်လလျှင်(၁၀) မှ အစီး (၃၀) ခန့်အထိ ဈေးကွက်အတွင်း ရောင်းချနေသည်။

SKD ကား အများစုသည် စက်သုံးဆီစွမ်းအင်သုံး ကားများဖြစ်ကြပြီး နိုင်ငံ‌တော်မှ အခွန်စည်းကြပ်မှုအရ အခွန်ဆောင်ရသည့်အတွက် EV ကားများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်နေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com