• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဥရောပကားထုတ်လုပ်သူများ တရုတ်ပြည်ထုတ် EV များအပေါ် မည်သို့မျှ မနိုင်နိုင်သော ဈေးနှုန်းစစ်ပွဲ၊ BYD ထုတ်ကားများမှာ တရုတ်ပြည်တွက်ထက် ဥရောပတွင် (၁၁) ဆ ပိုမိုမြတ်စွန်း

ဥရောပကားထုတ်လုပ်သူများ တရုတ်ပြည်ထုတ် EV များအပေါ် မည်သို့မျှ မနိုင်နိုင်သော ဈေးနှုန်းစစ်ပွဲ၊ BYD ထုတ်ကားများမှာ တရုတ်ပြည်တွက်ထက် ဥရောပတွင် (၁၁) ဆ ပိုမိုမြတ်စွန်း

  • 279 views

BYD ကဲ့သို့ အလွန်ဈေးသက်သာသော တရုတ်ပြည်ထုတ်ကားများ ဥရောပသို့ သင်္ဘောများဖြင့် အလုံးအရင်း ဝင်ရောက်လာနေမှုကို ဥရောပကားထုတ်လုပ်သူများမှာ ကူရာကယ်ရာမဲ့စွာ ထိုင်ကြည့်နေကြရသည်။

မည်သို့မှ အနိုင်မရနိုင်သော ဈေးနှုန်းစစ်ပွဲ ဆင်နွှဲနေရမှုမှ ကယ်တင်ပေးပါရန် ဥပဒေပြု လွှတ်တော်အမတ်များ အား အသနားခံလာကြရသည်။

BYD ၏ ဈေးနှုန်းသက်သာလှသောကားများကြောင့် ဥရောပကားထုတ်လုပ်သူများ တုန်လှုပ်ခဲ့ကြရပြီးနောက် ဥရောပသမဂ္ဂက တရုတ်ပြည်မှ ကားထုတ်လုပ်သူများအပေါ် သွင်းကုန်အခွန်မူဝါဒများ ပြင်ဆင်ရန် စီစဉ်လာကြရသည်။

တရုတ်ပြည်ထုတ် EV များက ဥရောပထုတ်ကားများပေါ် အသာစီးမရစေရန် တားဆီးနိုင်မည့် အကောက်ခွန် ပမာဏကို Rhodium Group ၏ သုတေသနတစ်ခုက ခန့်မှန်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

သို့သော် ဥရောပသမဂ္ဂမှ စီစဉ်နေသော အခွန်ကောက်ယူဖွယ်ရှိသည့် ပမာဏမှာ Rhodium Group က တွက်ချက်ဖော်ပြသော ပမာဏအောက် များစွာနည်းပါးနေသည်။

ယခုနှစ်ဇန်နဝါရီလအတွင်း ဥရောပကော်မရှင်က ပြောသည်မှာ BYD နှင့် Geely တို့အပါအဝင် တရုတ်ထိပ်တန်း ကားထုတ်လုပ်သူများထံ သွားရောက်ရန် စီစဉ်ထားကြောင်း၊ တရုတ်ပြည်တွင် အစိုးရက ကားထုတ်လုပ်သူ တို့အား ထောက်ပံ့ငွေများပေးကာ ဈေးကွက်ယှဉ်ပြိုင်မှုကို သွေဖည်သည့် လုပ်ဆောင်ချက်များ ရှိနေသည် ဟူသော သတင်းများအပေါ် စုံစမ်းရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဌ အိုဆူလာ ဖွန်ဒဲ လိုင်ယန် (Ursula von der Leyen) က ပြီးခဲ့သောနှစ် စက်တင်ဘာလ အတွင်း ပြောခဲ့သည်မှာ တရုတ်အစိုးရနှင့် ကားထုတ်လုပ်သူတို့သည် ဈေးကွက်ကို ပုံဖျက် ဖျက်ဆီးနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

သူမ၏ ထိုသို့ ပြောကြားချက်ထွက်ပေါ်ပြီးနောက်ပိုင်း တရုတ်ပြည်သို့ တရားဝင်စုံစမ်းစစ်ဆေးမှု အစီအစဉ် ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။
တရုတ်ပြည်မှ EV ထုတ်လုပ်သူများမှာ ဥရောပကားထုတ်လုပ်သူများနှင့်ယှဉ်လျှင် အားသာချက် များစွာရှိသည်။

သာဓကအားဖြင့် BYD ကိုကြည့်ပါ။

BYD သည် ကားထုတ်လုပ်မှုတွင် Supply Chain တစ်ခုလုံးကို ပိုင်ဆိုင်ထားကာ အထူးသဖြင့် ဘက်ထရီ ထုတ်လုပ်မှု ပိုင်ဆိုင်ထားခြင်းမှာ အားသာချက် အလွန်ကြီးမားစေသည်။

ထိုအချက်မှာ ဥရောပတွင် BYD အား ဈေးကွက်ဝေစုရရှိမှု လျင်မြန်စွာ မြင့်တက်လာစေရေးအတွက် အထောက်အကူဖြစ်စေခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တရုတ်ပြည်မှ EV များတင်ပို့မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုးရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။

ယခုနှစ်အတွင်း ဥရောပတွင် ရောင်းချရမည့် EV အားလုံးအနက် တရုတ်ပြည်ထုတ် EV များမှာ ၄ ပုံ ၁ ပုံခန့် ရှိဖွယ်ရှိကြောင်း Transport & Environment က ဖော်ပြသည်။

BYD ထုတ် Seal U မော်ဒယ်သည် တရုတ်ပြည်တွင် ကန်ဒေါ်လာ ၂၁၉၅၀ ဖြင့် ရောင်းချပြီး ဥရောပတွင်မူ ကန်ဒေါ်လာ ၄၅၀၀၀ ဖြင့် ရောင်းချသည်။
တရုတ်ပြည်တွင် ဈေးနှုန်းစစ်ပွဲပြင်းထန်နေမှုကြောင့် အမြတ်အလွန်နည်းပါးရာ တရုတ်ကားထုတ်လုပ်သူ တို့သည် ဥရောပတွင် အမြတ်အစွန်းရှာဖွေလျက်ရှိကြသည်။

ထိုဈေးနှုန်းအရ BYD သည် Seal U အတွက် ပြည်တွင်းတွင် အမြတ် ဒေါ်လာ ၁၄၀၀ သာရရှိပြီး ဥရောပတွင်မူ ဒေါ်လာ ၁၅၃၀၀ အထိ မြတ်စွန်းနေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: EU’s unwinnable price war with Chinese EVs summed up—BYD cars are 11 times more profitable in Europe than in China (finance)