- ပင်မစာမျက်နှာ
- ကားသတင်းများ
- အင်္ဂလန်တွင် Porsche လျှပ်စစ်ပြိုင်ကားမဲပေါက်သော မိန်းကလေးတစ်ဦးက ပြိုင်ကားကို ရောင်းချကာ Ford ကားတစ်စီး ဝယ်ယူရန်စီစဉ်
အင်္ဂလန်တွင် Porsche လျှပ်စစ်ပြိုင်ကားမဲပေါက်သော မိန်းကလေးတစ်ဦးက ပြိုင်ကားကို ရောင်းချကာ Ford ကားတစ်စီး ဝယ်ယူရန်စီစဉ်
- 245 views
အင်္ဂလန်တွင် ကားမောင်းသင်နေသော မိန်းကလေးတစ်ဦးသည် ကံစမ်းမဲမှ Porsche ကားသစ်တစ်စင်း မဲပေါက်ခဲ့သော်လည်း ထိုကားကို ရောင်းချကာ Ford Fiesta တစ်စင်း ဝယ်ယူရန် စီစဉ်လျက်ရှိသည်။
အင်္ဂလန်နိုင်ငံတောင်ပိုင်း ဝစ်ရှိုင်းယားခရိုင်ရှိ Salisbury မြို့ကလေးတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ်ရှိ ဖီဘီ နဲလာ (Phoebe Kneller) သည် Porsche Taycan 4S ကားသစ်တစ်စီး ကံစမ်းမဲပေါက်ခဲ့ခြင်း ဖြစ်သည်။
ဖီဘီ နဲလာသည် Omaze Million Pound အိမ်ခြံမြေကံစမ်းမဲအစီအစဉ်တွင် ၁၀ ပေါင်တန် လက်မှတ်တစ်စောင် ဝယ်ယူကံစမ်းခဲ့ရာ Early Bird Prize ဆုအဖြစ် ပြိုင်ကားတစ်စီး ကံထူးခဲ့ခြင်း ဖြစ်သည်။
(ဖီဘီ နဲလာသည် ယခုလကုန်ပိုင်းတွင် ယာဉ်မောင်းဖြေရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Omaze)
(မဲပေါက်ခဲ့သော Porsche Taycan 4S သည် ဖီဘီ၏ ဘဝတွင် ပထမဆုံး ပိုင်ဆိုင်သော ကားတစ်စင်းဖြစ် သော်လည်း ထိုကားကို စီးရန် အစီအစဉ်မရှိချေ။ ဓာတ်ပုံ-Omaze)
(လျှပ်စစ်ပြိုင်ကားဖြစ်သော Porsche Taycan 4S ၏ တန်ကြေးမှာ ပေါင် ၁၀၀,၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ-Omaze)
ကားကံစမ်းမဲပေါက်သောနေ့သည် မိမိဘဝ၏ အကောင်းဆုံးနေ့ရက်တစ်ခုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ကားမဲပေါက်သည့်အပြင် မိမိအမြဲတောင့်တခဲ့သော ကျန်းမာရေးဝန်ထမ်းအဖြစ် ထိုနေ့တွင်ပင် အလုပ်ရခဲ့ သောကြောင့်ဖြစ်ကြောင်း ဖီဘီက ပြောသည်။
ဖီဘီသည် ယခင်က ဧည့်ကြိုဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သော်လည်း ပြီးခဲ့သော မတ်လတွင် ထိုအလုပ်မှ ထွက်ခဲ့ ပြီး ချစ်သူကောင်လေး Josh နှင့်အတူ အားလပ်ချိန်များကို ကုန်လွန်ဖြတ်သန်းခဲ့သည်။
ယင်းနောက် ဆေးရုံတစ်ခုတွင် အလုပ်လျှောက်ထားကာ ရလဒ်ကို စောင့်စားနေခဲ့သည်။
ဖီဘီတို့စုံတွဲသည် စပိန်နိုင်ငံရှိ Tenerife ကျွန်းတွင် အပန်းဖြေခရီးရောက်ရှိနေစဉ် ပိုးဟပ်တစ်ကောင်ကြောင့် အိပ်ရာမှ နိုးလာခဲ့ပြီး ဟိုတယ်ထဲမှ ထွက်လာချိန်၌ ဖီဘီထံ ဖုန်းဝင်လာခဲ့ပြီး ပြိုင်ကားတစ်စီး ကံစမ်းမဲပေါက် ကြောင်း အကြောင်းကြားလာခြင်း ဖြစ်သည်။
“ တကယ့်ကို လှပတဲ့ နေ့တစ်နေ့ပါပဲ။ ပေါင် ၁၀၀,၀၀၀ တန်ကား ကံထူးတယ်ဆိုတာ အနည်းဆုံးပြောရရင် ဘဝအပြောင်းအလဲတစ်ခုပါပဲ” ဟု ဖီဘီက ပြောသည်။
Porsche Taycan 4S လျှပ်စစ်ပြိုင်ကား၏ မော်တာ ၂ လုံးမှ 530PS နှင့် ရုန်းအား 640 Nm အားထွက်သည်။
0 to 60 mph အမြန်နှုန်းကို ၄ စက္ကန့်အတွင်း ရရှိနိုင်သည့်ကား ဖြစ်သည်။
ကားတွင် တပ်ဆင်ထားသော high-tech ဘက်ထရီမှာ အားတစ်ကြိမ်သွင်းထားလျှင် မိုင် ၂၅၀ ကျော် မောင်းနိုင်သည်။
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဤကားမှာ လမ်းခွန်ကင်းလွတ်ခွင့်လည်း ရထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: I won a brand new Porsche worth £100k for just £10 – but I’m going to get rid of it for a Ford Fiesta (thesun)
Photo Credit - Omaze