ဂျာမနီတွင် ဓာတ်လှေကားပေါက်ကို ကားပါကင်နေရာထင်ကာ ပါကင်ထိုးသော အမျိုးသမီး (၃၅)ပေ နက်သော ဓာတ်လှေကားတွင်းထဲ ပြုတ်ကျ

  • 237 views

ဂျာမနီတွင် ၃၅ ပေ နက်သော ဓာတ်လှေကားတွင်းကို ကားပါကင်နေရာထင်ကာ ကားထိုးလိုက်သောကြောင့် တွင်းထဲ ပြုတ်ကျခဲ့သော်လည်း ကံကောင်းထောက်မစွာ ပြန်လည် လွတ်မြောက်ခဲ့သည်။

ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့ရှိ မြေအောက်ကားပါကင်တစ်ခုတွင် အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသမီးသည် ကားရပ်နားရန် နေရာ၌ လိုက်လံရှာဖွေစဉ် ဓာတ်လှေကားတံခါးတစ်ခုကို ဝင်တိုက်ကာ ဓာတ်လှေကားတွင်း ထဲသို့ ပြုတ်ကျသွားခဲ့သည်။

 

(၃၅ ပေနက်သော ဓာတ်လှေကားတွင်းထဲသို့ ကားပြုတ်ကျသွားခဲ့သည်။ ဓာတ်ပုံ-Newsflash)

 

(ထိုအမျိုးသမီးမှာ ကားထဲမှထွက်ကာ အရေးပေါ်အကူအညီ တောင်းခံနိုင်ခဲ့သည်။ ဓာတ်ပုံ-JamPress)

 


ထိုအမျိုးသမီးသည် ပြောင်းပြန်လန်သွားသော ကားထဲမှ မိမိဘာသာ ပြန်ထွက်ကာ ဒေသတွင်း မီးသတ်သမားများအား ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့သည်။

ကားကို ဓာတ်လှေကားတွင်းထဲမှ အပေါ်သို့ ပြန်လည်သယ်ယူရန် ကျွမ်းကျင်ပညာရှင်များ ခေါ်ယူခဲ့သည်။

မီးသတ်သမား ၂ ဦးက ကြိုးများဖြင့် တွင်းထဲသို့ ဆင်းကာ ယာဉ်မောင်းအမျိုးသမီးကို ထမ်းစင်ပေါ်သို့ တင်ပေးခဲ့သည်။

ထို့နောက် ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့သည်။

ထိုအမျိုးသမီးက Bile သတင်းဌာနသို့ ပြောသည်မှာ “ဘယ်လိုကြောင့် အခုလိုဖြစ်သွားလဲဆိုတာ မတွေးတတ် တော့ပါဘူး။ ကျန်းမာရေးကတော့ ပြန်ကောင်းနေပါပြီ” ဟု ပြောသည်။

မီးသတ်သမားများသည် အဆိုပါဓာတ်လှေကားပေါက်ကို သစ်သားများဖြင့် ပိတ်လိုက်ပြီး ဓာတ်လှေကား ကိုလည်း အသုံးမပြုတော့ချေ။

စတုဂတ် မီးသတ်ဌာနမှ စာနယ်ဇင်းအရာရှိ Daniel Anand က “ ဓာတ်လှေကားတွင်းထဲကနေ ကယ်ဆယ်ပေး ခဲ့ပြီးတဲ့နောက် အဲဒီအမျိုးသမီးကို ကယ်ဆယ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဆေးကုသမှု ခံယူစေဖို့အတွက် ဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ် ” ဟု ပြောသည်။

လန်ဒန်မြို့တွင်လည်း  ပြီးခဲ့သောနှစ် သြဂုတ်လက Range Rover တစ်စင်းသည် အခြားကားတစ်စီးနှင့် တိုက်မိပြီးနောက် ရထားလမ်းပေါ်သို့ ပြုတ်ကျကာ အမျိုးသမီးတစ်ဦး သေဆုံးပြီး  ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပေါ်ခဲ့သည်။

“ ၃ နာရီခွဲလောက်မှာ ကျယ်လောင်တဲ့အသံကြီးကြားလိုက်ရတယ်။ တစ်ယောက်ယောက် ဂိုဒေါင်တစ်ခုကို ဝင်တိုက်တယ်လို့ ထင်ခဲ့တာ ” ဟု မျက်မြင်တစ်ဦးက ပြောသည်။


“ ၁၀ မိနစ်လောက်ကြာတော့ ရဟတ်ယာဉ်တွေ ရောက်လာတယ်။ တတိယကမ္ဘာစစ် ဖြစ်နေသလိုပါပဲ ” 

 

(မီးသတ်တပ်ဖွဲ့ဝင်တို့က ဓာတ်လှေကားပေါက်ကို ပိတ်သိမ်းလိုက်ကြသည်။ ဓာတ်ပုံ-Jam Press) 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Dopey driver plunges Smart car down 35ft lift shaft – after mistaking it for a parking spot (thesun)

Photo Credit:   Newsflash, Jam Press