• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Elon Musk တရုတ်ပြည်သို့သွားကာ အဆင့်မြင့် driver-assistance နည်းပညာအသုံးပြုနိုင်ရေးအတွက် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် Tesla ၏ ရှယ်ယာဈေးများ (၁၅) ရာခိုင်နှုန်းထိုးတက်

Elon Musk တရုတ်ပြည်သို့သွားကာ အဆင့်မြင့် driver-assistance နည်းပညာအသုံးပြုနိုင်ရေးအတွက် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် Tesla ၏ ရှယ်ယာဈေးများ (၁၅) ရာခိုင်နှုန်းထိုးတက်

  • 181 views

Elon Musk သည် တရုတ်ပြည်သို့ မထင်မှတ်ဘဲ ရုတ်တရက် သွားရောက်ခဲ့ရာ အဆင့့်မြင့် driver-assistance နည်းပညာ တရုတ်ပြည်တွင် အသုံးပြုနိုင်ရေးအတွက် အခက်ကြုံနေရမှုများကို တရုတ်ဝန်ကြီးချုပ် လီချန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် ရရှိသွားခဲ့ရာ Tesla ၏ ရှယ်ယာဈေးများ တနင်္လာနေ့က ထိုးတက် သွားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လနောက်ပိုင်း Tesla အတွက် အကောင်းဆုံးနေ့ရက် ဖြစ်ခဲ့သည်။

Elon Musk တရုတ်ပြည်သို့ သွားရောက်သည့်သတင်း ပေါ်ပေါက်ပြီးနောက် Tesla ၏ ရှယ်ယာဈေးမှာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်တွင် သတင်းအချက်အလက် လုံခြုံရေး အကန့်အသတ်များ ထားရှိရာ ယခုအခါ Tesla ၏ ကားများအပေါ် တရုတ်အာဏာပိုင်တို့က အကန့်အသတ်များ ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း Tesla က ထုတ်ပြန်သည်။

ထို့ကြောင့် Tesla ၏ driver-assistance ဆော့ဖ်ဝဲဖြစ်သော Full-self driving (FSD) ကို တရုတ်ပြည်တွင် မကြာမီ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

တရုတ်ပြည်သည် လျှပ်စစ်ကားများအတွက် အကြီးမားဆုံး ဈေးကွက်လည်း ဖြစ်သည်။

Tesla ထုတ် လျှပ်စစ်ကားများသည် တရုတ်ပြည်၏ အကျော်ကြားဆုံးကားများတွင် ပါဝင်သော်လည်း တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှုများကြောင့် Tesla ၏ ကားများမှာ တရုတ်ပြည်တွင် အစိုးရနှင့် ဆက်နွှယ် သည့် အဆောက်အအုံများဖြစ်သော အစည်းအဝေးခန်းမ၊ ပြပွဲခန်းမ အစရှိသော နေရာများသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

တစ်ဖက်တွင်လည်း အမေရိကန်အစိုးရက တရုတ်ပြည်မှ တင်သွင်းလာသော ကားများသည် အရေးကြီးသော သတင်းအချက်အလက်များ စုဆောင်းနိုင်စွမ်းရှိခြင်းကြောင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိမရှိ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းက ကြေညာထားသည်။

FSD သည် Tesla ၏ Autopilot driver assistant ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး Tesla က FSD နည်းပညာကို တရုတ်ပြည်တွင် အသုံးပြုခွင့်ပေးရန် ကမ်းလှမ်းထားသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သော်လည်း တရုတ်ပြည်၏ စည်းမျဉ်းအကန့်အသတ်များကြောင့် အလိုအလျောက် လမ်းကြောပြောင်းခြင်းကဲ့သို့ လုပ်ဆောင်ချက်များ အသုံးမပြုနိုင်ခဲ့ချေ။

Tesla အနေဖြင့် ရာနှုန်းပြည့် အလိုအလျောက် မောင်းနှင်စနစ်သုံးကားများ ထုတ်လုပ်ထားခြင်းမူ မရှိချေ။

Tesla ၏ driver-assistance စနစ်မှာ level 2 အဆင့်ဖြစ်ပြီး FSD ဟု အမည်ပေးထားသည်။

Tesla အနေဖြင့် တရုတ်ပြည်တွင် FSD ကို သုံးစွဲရန် အဓိကကြုံခဲ့ရသည့် အတားအဆီးမှာ သတင်း အချက်အလက် လုံခြုံရေး ကန့်သတ်ချက်များ ဖြစ်သည်။

Tesla သည် Baidu ၏ မြေပုံအညွှန်းနှင့် လမ်းညွှန်နည်းပညာကို FSD အတွက် အသုံးပြုရန် Baidu နှင့် သဘောတူညီချက် ရရှိခဲ့သည်ဟု ဆိုသည်။

တရုတ်ပြည်တွင် မြေပုံအညွှန်းနှင့် လမ်းညွှန်စနစ်ကို ပြည်ပကုမ္ပဏီများအနေဖြင့် တရုတ်ပြည်တွင်း ကုမ္ပဏီများ နှင့် မိတ်ဖက်လက်တွဲ၍သာ အသုံးပြုနိုင်သည်။

Baidu နှင့် လက်တွဲခြင်းအားဖြင့် Tesla သည် FSD ကို တရုတ်ပြည်မှ လမ်းမများပေါ်တွင် တရားဝင် အသုံးပြုခွင့် ရမည်ဖြစ်ပြီး ယာဉ်ကြော၊ လမ်းညွှန်းဆိုင်းဘုတ်များနှင့် လမ်းကြောင်းများဆိုင်ရာ အချက်အလက် များ စုဆောင်းခွင့် ရရှိမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tesla jumps 15% after passing key hurdle to roll out advanced driver-assistance tech in China (cnbc)