• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • စက်ရုံတွင် ရေချိုးပြီး အိမ်မပြန်ဘဲ ကားထဲတွင်အိပ်ကာ ထုတ်လုပ်ရေး ရည်မှန်းချက် ပြည့်မီစေရန် ကြိုးစားပေး ခဲ့သော ဝန်ထမ်းတစ်ဦးအား Tesla က အလုပ်ထုတ်ခြင်းအားဖြင့် ဂုဏ်ပြု

စက်ရုံတွင် ရေချိုးပြီး အိမ်မပြန်ဘဲ ကားထဲတွင်အိပ်ကာ ထုတ်လုပ်ရေး ရည်မှန်းချက် ပြည့်မီစေရန် ကြိုးစားပေး ခဲ့သော ဝန်ထမ်းတစ်ဦးအား Tesla က အလုပ်ထုတ်ခြင်းအားဖြင့် ဂုဏ်ပြု

  • 452 views

 

နီကို မာရေးလိုသည် Tesla တွင် ကိုယ်စိတ်နှစ်ပါး မြှုပ်နှံထားသည့် ဝန်ထမ်း ၁ ဦး ဖြစ်သည်။

ထုတ်လုပ်ရေး Supervisor တစ်ဦးဖြစ်သူ နီကိုသည် ပြီးခဲ့သောနှစ်အတွင်း အိမ်မပြန်ဘဲ စက်ရုံကားပါကင်ရှိ သူ၏ ကားအတွင်း၌သာ အိပ်စက်ခဲ့ပြီး မိုက္ကရိုဝေ့ဖ်မီးဖိုဖြင့် ချက်ပြုတ်စားသောက်ခဲ့ကာ ထုတ်လုပ်ရေး ရည်မှန်းချက် ပြည့်မီစေရန် ကြိုးစားပေးခဲ့သည်။

ထိုသို့ ကိုယ်စိတ်နှစ်ပါး နှစ်မြှုပ်ကြိုးစားပေးခဲ့သော်လည်း ယခုလ အစောပိုင်းတွင် နီကိုမှာ အလုပ်ဖြုတ်ခံခဲ့ရ ကြောင်း ၎င်းကိုယ်တိုင် Linkedln တွင် ရေးသားဖော်ပြခဲ့ပြီး အဆိုပါပို့စ်မှာ များစွာ ဂယက်ရိုက် ပျံ့နှံ့ခဲ့သည်။

Tesla သည် ကမ္ဘာတစ်ဝန်းမှ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကျော် (သို့မဟုတ်) ၁၄၀၀၀ ဦးခန့် အလုပ်ဖြုတ်ခဲ့ရာတွင် နီကိုလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သူ နီကိုက ရေးသားဖော်ပြသည်မှာ ဧပြီလ ၁၅ ရက်တွင် သူ၏ ကုမ္ပဏီအကောင့်သို့ ဝင်ရောက်ခဲ့ရာ၌ အကောင့်ပိတ်သိမ်းခံထားရသည်ကို တွေ့ခဲ့ရသည်။

နည်းပညာပိုင်း ချွတ်ယွင်းမှုဟု ယူဆကာ Tesla ၏ Fremont စက်ရုံသို့ ကားမောင်းသွားခဲ့သည်။

နီကိုက သူ၏ Tesla ကားကို Autopilot စနစ်ဖြင့် မောင်းနေစဉ် အီးမေးလ်တစ်စောင် ဝင်လာသည်။

ကုမ္ပဏီပြန်လည် ဖွဲ့စည်းမှု ပြုလုပ်ရာတွင် သင်၏ ရာထူးနေရာကို ဖျက်သိမ်းလိုက်သည်ဟု နီကိုထံ အကြောင်းကြားလာခြင်း ဖြစ်သည်။

စက်ရုံထဲသို့ ဝင်ရန် ကြိုးစားရာတွင် လုံခြုံရေးဝန်ထမ်းက တားဆီးခဲ့ပြီး နီကိုအား အလုပ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်တော် ကားထဲမှာ ထိုင်နေရင်း မယုံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။”

နီကိုသည် Tesla တွင် ၂၀၁၉ ခုနှစ်ကတည်းက စတင်အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။

နီကို၏ နည်းတူ စက်ရုံတွင် အိပ်ကာ အလုပ်လုပ်ခဲ့သော အခြားဝန်ထမ်းတစ်ဦးကလည်း လူမှုကွန်ရက်တွင် မှတ်ချက်ပြုသည်။

နီကို၏ ပို့စ်တွင် ထိုသူက မှတ်ချက်ပြုသည်မှာ “ကျွန်တော်က စက်ရုံ ၃ ခုရဲ့ ဌာနအမျိုးမျိုး ရာထူးနေရာ အမျိုးမျိုးမှာ လုပ်ကိုင်ခဲ့ပါတယ်။

စက်ရုံကားပါကင်က ကျွန်တော့ကားထဲမှာပဲ အိပ်ခဲ့တယ်။ စက်ရုံမှာ ရေချိုး တယ်။ ခင်ဗျားလိုပဲ မိုက္ကရိုဝေ့ဖ်နဲ့ စားစရာတွေ အပူပေးတယ်။ ကျွန်တော်က HazWaste Tech တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီရာထူးရခဲ့တဲ့ နေ့မှာပဲ အလုပ်ထုတ်ခံရတဲ့ အီးမေးလ် ရရှိခဲ့ပါတယ်။”

အခြားသော စက်ရုံအလုပ်သမားတစ်ဦးမှာလည်း တစ်မိသားစုလုံး Tesla တွင် ဝင်ရောက်လုပ်ကိုင်ပြီးနောက် အလုပ်ဖြုတ်ခံခဲ့ရသည်။

Tesla သည် ကမ္ဘာတဝန်းတွင် ရောင်းအားနှင့် အမြတ်ကျဆင်းမှုများကြောင့် အလုံးအရင်း အလုပ်ထုတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

စီအီးအိုဖြစ်သူ Elon Musk က ပြောသည်မှာ တူညီသည့် ရာထူးနေရာများနှင့် အချို့သောနေရာများတွင် လုပ်ငန်းဆောင်ရွက် လည်ပတ်ပုံများကြောင့် အလုပ်နေရာ လျှော့ချမှုများ ပြုလုပ်ရန်လိုအပ်ခဲ့ကြောင်း ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: TESLA REWARDS DEDICATED WORKER WHO SHOWERED AT FACTORY AND SLEPT IN HIS CAR BY FIRING HIM (fururism)