- ပင်မစာမျက်နှာ
- ကားသတင်းများ
- Elon Musk က Tesla ကားများတွင် Self-driving ဆော့ဖ်ဝဲအသုံးပြုရေး တရုတ်ပြည်တွင် အခက်ကြုံနေရမှုကို တရုတ်ဝန်ကြီးချုပ်နှင့် လာရောက်ဆွေးနွေးရာ အောင်မြင်မှုရခဲ့၊ Elon Musk တည်းခိုနေသော ဟိုတယ်သို့ CATL ကုမ္ပဏီသူဌေး လာရောက်တွေ့ဆုံ
Elon Musk က Tesla ကားများတွင် Self-driving ဆော့ဖ်ဝဲအသုံးပြုရေး တရုတ်ပြည်တွင် အခက်ကြုံနေရမှုကို တရုတ်ဝန်ကြီးချုပ်နှင့် လာရောက်ဆွေးနွေးရာ အောင်မြင်မှုရခဲ့၊ Elon Musk တည်းခိုနေသော ဟိုတယ်သို့ CATL ကုမ္ပဏီသူဌေး လာရောက်တွေ့ဆုံ
- 238 views
Elon Musk သည် Tesla ၏ ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်သော တရုတ်ပြည်သို့ မမျှော်လင့်ဘဲ ရုတ်တရက် သွားရောက်ခဲ့ရာ တရုတ်ပြည်တွင် Tesla ၏ ကားများအတွက် Self-driving ဆော့ဖ်ဝဲအသုံးပြုရေး ကာလကြာရှည် နှောင့်နှေးနေခဲ့ရသည့် လုပ်ထုံးလုပ်နည်း အတားအဆီးများကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။
Tesla ၏ စီအီးအို Elon Musk သည် တရုတ်ပြည် ပေကျင်းမြို့တော်သို့ တနင်္ဂနွေနေ့တွင် ရောက်ရှိခဲ့ပြီး Full Self Driving (FSD) အသုံးပြုရေးနှင့် ယာဉ်မောင်းနှင်မှုဆိုင်ရာ အချက်အလက်များကို ပြည်ပသို့ လွှဲပြောင်းခွင့် ရရှိရေး ဆွေးနွေးခဲ့ကြောင်း ထိုအကြောင်းရပ်အား သိရှိထားသော ပုဂ္ဂိုလ်တစ်ဦးအား ရိုက်တာသတင်းဌာနသို့ ပြောသည်။
Elon Musk သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး တစ်ပတ်အကြာတွင် တရုတ်ပြည်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ တရုတ်ဝန်ကြီးချုပ် လီချန်နှင့် တွေ့ဆုံခဲ့သည်။
သတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းဌာနသို့ ပြောသည်မှာ Tesla သည် တရုတ်ပြည်၏ အများပြည်သူသုံး လမ်းများပေါ်တွင် အချက်အလက်စုဆောင်းရေးအတွက် တရုတ်နည်းပညာကုမ္ပဏီ Baidu ၏ mapping license ကို အသုံးပြုရန် သဘောတူညီချက် ရခဲ့ကြောင်း ပြောသည်။
ထိုအချက်မှာ FSD ကို တရုတ်ပြည်တွင် အသုံးပြုနိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။
တရုတ်ထိပ်တန်း မော်တော်ကားအသင်းတစ်ခုက ပြောသည်မှာ Tesla ၏ Model 3 နှင့် Y တို့သည် တရုတ်ပြည်၏ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီသော ကားမော်ဒယ်များတွင် ပါဝင်ကြောင်း စစ်ဆေးပြီး ဖြစ်သည်ဟု ဆိုသည်။
Tesla သည် Autopilot ဆော့ဖ်ဝဲကို လွန်ခဲ့သော ၄ နှစ်ခန့်က စတင်အသုံးပြုခဲ့သော်လည်း တရုတ်ပြည်တွင် အသုံးပြုခွင့်ရရှိရေးနှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်၏ စည်းမျဉ်းများအရ Tesla သည် ယာဉ်မောင်းနှင်မှုဆိုင်ရာ အချက်အလက်များကို အမေရိကန်သို့ ပြန်လည်လွှဲပြောင်းခွင့် မရရှိခဲ့ရာ FSD ကို အသုံးပြုရန် နှောင့်နှေးနေခဲ့ခြင်းလည်း ဖြစ်သည်။
Tesla ကားများ၏ အလိုအလျောက် မောင်းနှင်မှု နည်းပညာအတွက် Algorithms များ လေ့ကျင့်ပေးရန် အချက်အလက်များ လွှဲပြောင်းခွင့် ရရှိရေး Elon Musk က ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော တနင်္ဂနွေနေ့က တရုတ်ဝန်ကြီးချုပ် လီချန်က ပြောသည်မှာ တရုတ်ပြည်တွင် Tesla ၏ ဖွံ့ဖြိုး တိုးတက်မှုများမှာ အမေရိကန်-တရုတ် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သည့် သာဓက ဖြစ်ကြောင်း ပြောသည်။
Elon Musk သည် တရုတ်ပြည်ခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ်အပြင် ပေကျင်းကားပြပွဲ စီစဉ်သူနှင့်လည်း တွေ့ဆုံခဲ့သည်။
Tesla ၏ အဓိက ဘက်ထရီ Supplier ဖြစ်သော တရုတ်ထိပ်သီး ဘက်ထရီ ကုမ္ပဏီကြီး CATL ၏ ဥက္ကဌ Robin Zeng ကလည်း Elon Musk တည်းခိုနေသော ပေကျင်းမြို့ဟိုတယ်သို့ တနင်္လာနေ့တွင် သွားရောက် တွေ့ဆုံခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla clears key regulatory hurdles for self-driving in China during Musk's visit (reuters)