- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD ရဲ့ ပြည်ပတင်ပို့တဲ့ကားတွေ ဘာကြောင့် တရုတ်ပြည်တွင်းဈေးထက် (၂) ဆ ဈေးများနေတာလဲ
BYD ရဲ့ ပြည်ပတင်ပို့တဲ့ကားတွေ ဘာကြောင့် တရုတ်ပြည်တွင်းဈေးထက် (၂) ဆ ဈေးများနေတာလဲ
- 506 views
တရုတ်ပြည်မှ ဈေးသက်သာလှသော ကားများကြောင့် မိမိတို့၏ ပြည်တွင်း ကားလုပ်ငန်း ပျက်စီးသွားမည့် အရေးကို အမေရိကန်နှင့် ဥရောပ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်တို့က ရတက်မအေး ဖြစ်နေကြသည်။
သို့သော် တရုတ်ထိပ်သီး EV ထုတ်လုပ်သူ BYD ၏ ပြည်ပသို့ တင်ပို့သော ကားများ၏ ဈေးနှုန်းမှာ ပြည်တွင်း တွင် ရောင်းသည့်ဈေးထက် အလွန်မြင့်မားနေသည်။
ပြည်ပ ပြိုင်ဘက်တို့နှင့် အပြိုင်ဈေးလျှော့ရောင်းခြင်း မပြုလုပ်ဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ဖြစ်သည်။
ထိုသို့ ပြည်ပတွင် ဈေးမြှင့်ရောင်းရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်တွင်းတွင် ဈေးကွက်ပြိုင်ဆိုင်မှု အလွန်ပြင်းထန်သောကြောင့် အပြိုင်အဆိုင်ဈေးလျှော့ရောင်းခဲ့ရာ BYD အတွက် များစွာ အမြတ်အစွန်းမရ။
ထို့ကြောင့် ပြည်ပဈေးကွက်တွင် ဈေးတင်ရောင်းကာ အမြတ်ရှာဖွေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အချို့သော ပြည်ပအရောင်းပြခန်းများတွင် BYD သည် ၎င်း၏ ကားများကို တရုတ်ပြည်တွင်း ဈေးနှုန်းထက် ၂ ဆကျော် ဈေးနှုန်းသတ်မှတ်ရောင်းချသည်။
တရုတ်ပြည်၌ ရောင်းချသည့် အကျော်ကြားဆုံး ကားမော်ဒယ် ၃ ခု၏ ဈေးနှုန်းကို အချို့ပြည်ပ အရောင်းပြခန်း များတွင် ၃ ဆနီးပါးအထိ ဈေးနှုန်းမြှင့်တင်ထားလေ့ရှိသည်။
အထက်ပါအချက်များမှာ ရိုက်တာသတင်းဌာနက BYD ၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်များအနက် ၅ ခုတွင် ဈေးနှုန်း သတ်မှတ်ပုံကို လေ့လာသုံးသပ်ချက်များအရ သိရခြင်း ဖြစ်သည်။
သာဓကအားဖြင့် ကြည့်မည်ဆိုလျှင် BYD ထုတ် လျှပ်စစ် Crossover ဖြစ်သော Atto 3 မော်ဒယ်၏ mid-range ဗားရှင်းကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၉၂၈၃ မျှဖြင့် ရောင်းချပြီး အဆိုပါကားကိုပင် ဂျာမနီတွင် ကန်ဒေါ်လာ ၄၂၇၈၉ ဖြင့် ရောင်းချသည်ကို တွေ့ရသည်။
သို့သော် နှစ်ဆကျော် တင်ထားသည့် ထိုဈေးနှုန်းဖြင့်ပင်လျှင် ပြည်ပဈေးကွက်မှ အခြားကားများအောက် ဈေးနှုန်း နည်းပါးနေဆဲဖြစ်သည်။
BYD ၏ ဥက္ကဌ ဝမ်ချန်းဖူက မတ်လအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် သီးသန့် အစည်းအဝေးတွင် ပြောခဲ့သည်မှာ တရုတ်ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းစစ်ပွဲပြင်းထန်နေမှုကြောင့် ပြည်ပတင်ပို့မှုမှ အမြတ်အစွန်းရရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ကားထုတ်လုပ်သူတို့သည် ၎င်းတို့ထုတ်လုပ်သော ကားများ၏ တူညီသောဗားရှင်း (သို့မဟုတ်) အလားတူ ဗားရှင်းတစ်ခုကို ပြည်ပသို့တင်ပို့လျှင် ကွဲပြားသော ဈေးနှုန်းများ သတ်မှတ်လေ့ရှိသည်မှာမူ တွေ့နေကြ ဖြစ်ရပ်မျိုးသာ ဖြစ်သည်။
သို့သော် ပြည်ပဈေးကွက်များတွင် BYD ကဲ့သို့ ဈေးနှုန်းအလွန်မြင့်မားစွာ သတ်မှတ်မှုမှာမူ ရှားပါးကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ AutoForecast Solutions ၏ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ခန့်မှန်းမှု လက်ထောက် ဥက္ကဌ Sam Fiorani က ပြောသည်။
“ကမ္ဘာ့ဈေးကွက်ကိုတင်ပို့တဲ့ မော်တော်ကားတွေဟာ အများအားဖြင့် ဈေးနှုန်းကွာဟချက် နည်းနည်းပဲ မြှင့်တင်သတ်မှတ်ကြပါတယ်” ဟု Fiorani က ပြောသည်။
ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် EV ကုမ္ပဏီ တစ်ဒါဇင်ခန့်မှာ ပြင်းထန်သည့် ဈေးနှုန်းစစ်ပွဲ ဆင်နွှဲလျက် ရှိနေသည်။
BYD ထုတ် entry-level ဖြစ်သော Seagull hatchback လျှပ်စစ်ကားဆိုလျှင် တရုတ်ပြည်တွင်း ဈေးကွက်တွင် ဒေါ်လာ ၁၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သည်။
BYD က ပြည်ပတင်ပို့သည့် ကားများကို အလွန်အမင်းဈေးတင်ထားချိန်တွင်ပင် အနောက်နိုင်ငံထုတ် ကားများ အောက် ဈေးနှုန်းသက်သာနေဆဲအခြေအနေကိုကြည့်လျှင် တရုတ် EV ထုတ်လုပ်သူတို့သည် နိုင်ငံခြား ပြိုင်ဘက်များထက် ထုတ်လုပ်မှုစရိတ် သက်သာမှုအားသာချက် ကြီးမားစွာရှိနေသည်ကို တွေ့နိုင်သည်။
BYD သည် ကားတစ်စင်း၏ အစိတ်အပိုင်းအားလုံးနီးပါးကို ကိုယ်တိုင်ထုတ်လုပ်ရာ ကုန်ကြမ်းမှသည် ဘက်ထရီများ၊ မြေနေရာ၊ လုပ်သား အစရှိသည့် ထုတ်လုပ်မှုကဏ္ဍတိုင်းတွင် ကုန်ကျစရိတ် အလွန်သက်သာ ကြောင်း တရုတ်ကားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တို့က ရိုက်တာသတင်းဌာနသို့ ပေးပို့သော ကုန်ကျစရိတ် အချက်အလက်များအရ သိရသည်။
ထို့အပြင် တရုတ်အစိုးရက တရုတ်ပြည်တွင်းတွင် ရောင်းချနေသော ပြည်တွင်း ပြည်ပ EV များအတွက် အထောက်အပံ့များ အလုံးအရင်းပေးနေသည်။
တရုတ်ပြည်တွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ရောင်းချခဲ့သည့် ကားသစ်အားလုံး၏ ၃ ပုံ ၁ ပုံကျော်မှာ လျှပ်စစ်ကားများနှင့် လျှပ်စစ် Hybrid ကားများ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Why BYD's EV exports sell for twice the China price (finance)