- ပင်မစာမျက်နှာ
- ကားသတင်းများ
- Warren Buffett သည် ကမ္ဘာပေါ်တွင် ဆဌမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော်လည်း ကုန်ကျစရိတ်သက်သာစေရန်အတွက် ထိခိုက်ပွန်းပဲ့ထားသော ကားများကိုသာ ဝယ်ယူစီးနင်းလေ့ရှိ၊ ယနေ့တိုင် ၂၀၁၄ ခုနှစ်ထုတ် Cadillac XTS ကို စီးနေဆဲဖြစ်
Warren Buffett သည် ကမ္ဘာပေါ်တွင် ဆဌမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော်လည်း ကုန်ကျစရိတ်သက်သာစေရန်အတွက် ထိခိုက်ပွန်းပဲ့ထားသော ကားများကိုသာ ဝယ်ယူစီးနင်းလေ့ရှိ၊ ယနေ့တိုင် ၂၀၁၄ ခုနှစ်ထုတ် Cadillac XTS ကို စီးနေဆဲဖြစ်
- 3048 views
ကန်ဒေါ်လာ ၁၃၁ ဘီလီယံ ချမ်းသာကြွယ်ဝပြီး ကမ္ဘာပေါ်တွင် ဆဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ် သော်လည်း Warren Buffett သည် ယခုအခါ မထုတ်လုပ်တော့သော ၂၀၁၄ ခုနှစ်ထုတ် Cadillac XTS ကို စီးနေဆဲ ဖြစ်သည်။
(မှတ်ချက်။ Cadillac XTS ကို အမေရိကန်ကားကုမ္ပဏီ Cadillac က ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး 4 door ဆီဒင် ဖြစ်သည်)
၎င်းအနေဖြင့် Bugatti Centodieci မှသည် McLaren F1 အထိ မည်သည့်တန်ဖိုးကြီးကားမဆို စီးနိုင် သော်လည်း Buffett မှာ ၁၀ နှစ်သက်တမ်းရှိပြီဖြစ်သော ကားကို စီးနေဆဲဖြစ်ပြီး ထိုကားကိုပင်လျှင် ထိခိုက်ပွန်းပဲ့မှုများရှိနေသည့် အနေအထားဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Warren Buffett က ၂၀၁၄ ခုနှစ်အတွင်း သမီးဖြစ်သူ ဆူဇီကို မိမိအတွက် ကားတစ်စီး ဝယ်ပေးရန် တာဝန် ပေးခဲ့သည်။
ထိုအချိန်က Warren Buffett စီးနေသည်မှာ ၂၀၀၆ ခုနှစ်ထုတ် Cadillac DTS ဖြစ်ပြီး ၈ နှစ်ကြာစီးထားကာ မိုင် ၁၉၀၀၀ သာ စီးထားသည်။
ဆူဇီက ဖခင်ကြီးအား Cadillac XTS ရွေးချယ် ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။
ဆူဇီက BBC သတင်းဌာနသို့ ပြောခဲ့ဖူးသည်မှာ ဖခင်ကြီးသည် ထိခိုက်ပွန်းပဲ့ထားသော ကားများကိုသာ ဈေးသက်သက်သာသာဖြင့် ဝယ်ယူလေ့ရှိကြောင်း ပြောသည်။
“ကျွန်မက အဖေ့ကို …. အဖေ ဒီကားကြီးက ရှက်ဖို့ကောင်းပါတယ်။ ကားသစ်လဲဖို့ အချိန်ကျပြီ.. လို့ မပြောမချင်း သူက ဒီကားတစ်စင်းထဲပဲ စီးနေတယ်”
Warren Buffett ၏ ကားဝယ်ပုံ နည်းလမ်းမှာ ချမ်းသာဓနနှင့် ငွေသုံးစွဲမှုတို့အပေါ် သူ၏ သဘောထားအမြင်ကို ပြသနေသည်။
သက်တောင့်သက်သာရှိစေမည့် အခြေအနေတစ်ခုထက်ပို၍ ငွေသုံးစွဲရန် မလိုကြောင်း Warren Buffett က ပြောသည်။
အချိန်ကို အကျိုးရှိစွာ သုံးစွဲပုံနှင့် ပတ်သက်သည့် သူ၏ သဘောထားကိုလည်း Warren Buffett က ပြောပြသည်။
ကားတစ်စင်း ဝယ်ရာတွင် ကားမော်ဒယ်ရွေးချယ်ခြင်း၊ အရောင်းအဝယ် လုပ်ငန်းစဉ်များ လုပ်ဆောင်ရခြင်း၊ ဝယ်ယူလိုက်သော ကား၏ သဘောသဘာဝကို နားလည်အောင် ကြိုးစားရခြင်းတို့ အပါအဝင် ကားတစ်စင်း ဝယ်ယူရခြင်းမှာ များစွာ အချိန်ကုန်ကြောင်း Warren Buffett က ပြောသည်။
“ကားတစ်စင်း ဝယ်ရာမှာ အသုံးပြုနည်း လက်စွဲဖတ်ရတာ အပါအဝင် နေ့တဝက်လောက် အချိန်ကုန် နေမယ်ဆိုရင် ကျွန်တော့်ဘဝကို နေ့တဝက်စာအချိန် အချည်းနှီး မဖြစ်စေချင်ပါဘူး။”
နှစ်အနည်းငယ်ကြာတိုင်း ကားတစ်စင်း ဝယ်နေခြင်းမှာ ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုမဟုတ်ကြောင်း Warren Buffett နားလည်ထားသည်။
Warren Buffett ၏ ကားဝယ်ပုံနည်းလမ်းနှင့် အလေ့ထမှာ ချမ်းသာကြွယ်ဝမှု၏ အဓိပ္ပာယ်တွင် ငွေကြေး ဥစ္စာများ များပြားလာစေရုံမျှသာ မဟုတ်ဘဲ ဘဝတွင် အရေးကြီးသည့်အရာများကို ဦးစားပေးကာ ဆင်ခြင်ဉာဏ် ရှိစွာဖြင့် သုံးစွဲခြင်းမှာလည်း အရေးပါကြောင်း ပြသနေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Warren Buffett Drives A 10-Year-Old Discontinued Cadillac XTS He Purchased With Hail Damage — 'I Have Everything In Life I Want' (benzinga)