ဗြိတိန်တွင် ခိုးယူခံရသော Range Rover နှင့် Rolls-Royces ကားများ ရုရှားနိုင်ငံ၊ မော်စကိုမြို့လမ်းများပေါ်သို့ ရောက်ရှိလာ

  • 341 views

ဗြိတိန်တွင် ခိုးယူခံရသော Range Rover နှင့် Rolls-Royces ကားများအပါအဝင် တန်ဖိုးကြီး Luxury ကားများမှာ ရုရှားနိုင်ငံ၊ မော်စကိုမြို့လမ်းများပေါ်သို့ ရောက်ရှိလာသည်။

ဗြိတိန်တွင် ခိုးယူခဲ့သော Luxury ကားများကို စာရွက်စာတမ်းအတုများသုံးကာ သင်္ဘောကွန်တိန်နာများဖြင့် ခိုးထုတ်ကြခြင်း ဖြစ်သည်။

အများအားဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတို့သို့ မှောင်ခိုတင်ပို့လေ့ရှိခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း အက်ဆက်ခရိုင် ရဲတပ်ဖွဲ့ရှိ “ခိုးယူခံရသော မော်တော်ယာဉ်များ ထောက်လှမ်းရေးဌာန” က ကွန်တိန်နာပေါင်း ၆၀ ကျော်ကို ဖမ်းဆီးခဲ့ရာ ပေါင် ၁၃ သန်း ဝန်းကျင်တန်ကြေးရှိ မော်တော်ကားပေါင်း အစင်း ၂၄၀ သိမ်းဆည်း ရရှိခဲ့သည်။

မကြာသေးမီ ကာလအတွင်း ဗြိတိန်တွင် ခိုးယူခံလာသော ကားများ တရားမဝင် သယ်ယူမှု မြင့်တက်လာ ရခြင်းမှာ ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် အနောက်နိုင်ငံတို့၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ဖြစ်နိုင်ချေ ရှိသည်။

 

(ယခုနှစ် ဇန်နဝါရီလအတွင်း သင်္ဘောကွန်တိန်နာတစ်ခုအတွင်း သယ်ဆောင်လာသည့် Rolls Royce ကားတစ်စင်းကို တွေ့ရပုံ)

 

(အက်ဆက်ခရိုင်၊ North Benfleet တွင် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သော တန်ဖိုးကြီး ကားတစ်စင်း)

 

အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ရုရှားသူဌေးကြီးများမှာ အနောက်နိုင်ငံထုတ် luxury ပစ္စည်းများကို တရားဝင် ဝယ်ယူခွင့်မရှိရာ မော်တော်ကားများကို ကြားခံနေရာများသို့ သင်္ဘောတင် သယ်ယူကာ ယင်းနောက် ရုရှားသို့ တဆင့်ပြန်လည်ပို့ဆောင်ခြင်းအားဖြင့် ပိတ်ဆို့အရေးယူမှုများကို ကျော်ဖြတ်လေ့ရှိ ကြောင်း The Telegraph သတင်းဌာနက ဖော်ပြသည်။

သို့သော် ဗြိတိန်ရှိ ဆိပ်ကမ်းများမှ မော်တော်ကားများစွာ ခိုးထုတ်နိုင်ခြင်း၏ အကြောင်းရင်းများစွာအနက် တစ်ခုမှာ ပြည်ပသို့ တင်ပို့မည့် သင်္ဘောကွန်တိန်နာများစွာအနက်မှ အနည်းငယ်ကိုသာ စစ်ဆေးနိုင် သောကြောင့် ဖြစ်ကြောင်း ‘ခိုးယူခံရသော ယာဉ်များစစ်ဆေးရေး အမျိုးသားအသင်းကြီး’ ၏ ဥက္ကဌ Iain McKinlay က ပြောသည်။

ခန့်မှန်းချက်တစ်ရပ်အရ ဗြိတိန်မှ ပြည်ပသို့ တင်ပို့သော ကွန်တိန်နာ အလုံးရေ ၁၀၀,၀၀၀ လျှင် ၅ လုံးအောက် သာ စစ်ဆေးသည်ဟု ဆိုသည်။
ဗြိတိန်တစ်နိုင်ငံလုံးရှိ ဆိပ်ကမ်းများတွင် သင်္ဘောကွန်တိန်နာများ စစ်ဆေးရန် တာဝန်ချထားသည့် အချိန်ပြည့် ရဲအရာရှိ ၄ ဦးတည်းသာရှိသည်ဟု ဆိုသည်။

ကားသူခိုး စုံစမ်းစစ်ဆေးရေးအရာရှိများ နိုင်ငံတကာအသင်း (IAATI) ၏ ဗြိတိန်ဆိုင်ရာဥက္ကဌ Mike Briggs က “အရေးယူပိတ်ဆို့မှုတွေကြောင့် ရုရှားမှာ ကားတွေနဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေ လိုအပ်ချက် အတော်ခက်ခဲ လာစေပါတယ်။ ဒါကြောင့််ပဲ ကားတွေဟာ အရှေ့အလယ်ပိုင်းဒေသကတဆင့် ထွက်သွားနေကြတာကို ကျွန်တော်တို့ တွေ့မြင်နေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

“မှောင်ခိုဈေးကွက်ဟာ အမြဲအားကောင်းပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ပိတ်ဆို့အရေးယူမှုတွေကြောင့် ပိုပြီး ဈေးကွက်ကြီးမားလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ luxury ကားတွေ ရအောင်ဝယ်နိုင်တယ်ဆိုပြီး ရုရှားနိုင်ငံ ထဲမှာ ကိုယ့်ရဲ့အဆင့်အတန်းကို ပြလိုကြတဲ့သဘောနဲ့ ဝယ်ယူလိုကြတာဖြစ်ပါတယ်”

အင်္ဂလန်နှင့် ဝေလပြည်နယ် ရာဇဝတ်မှု လေ့လာချက်အရ ပြီးခဲ့သော တစ်နှစ်တာအတွင်း ကားခိုးယူမှု ၄၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခင်က ကားခိုးမှု ၇၂,၀၀၀ ရှိခဲ့ရာမှ ၁၀၆,၀၀၀ အထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

(ပြည်ပဝယ်လက်တို့က ကားမော်ဒယ်အတိအကျပြောကာ ကားပစ္စည်းအစိတ်အပိုင်းများကို ရာဇဝတ်ဂိုဏ်း များထံ မှာယူကြသည်)

 

(ပြီးခဲ့သောနှစ်အတွင်း အက်ဆက်ခရိုင် ရဲတပ်ဖွဲ့ရှိ “ခိုးယူခံရသော မော်တော်ယာဉ်များ ထောက်လှမ်းရေးဌာန” က ကွန်တိန်နာပေါင်း ၆၀ ကျော်ကို ဖမ်းဆီးခဲ့ရာ ပေါင် ၁၃ သန်း ဝန်းကျင်တန်ကြေးရှိ မော်တော်ကားပေါင်း အစင်း ၂၄၀ သိမ်းဆည်း ရရှိခဲ့သည်။ ပုံတွင် တွေ့ရသည်မှာ အက်ဆက်ခရိုင် ရဲတပ်ဖွဲ့ရှိ ‘ခိုးယူခံရသော မော်တော်ယာဉ်ထောက်လှမ်းရေးဌာန’ မှ ရဲတပ်သား ဖီးလ် ပန်တီလို (ဝဲ)နှင့် ရဲတပ်သား ပေါလ် ဂါးရစ်ရှ် (ယာ) တို့ ဖြစ်သည်)

 

(အက်ဆက်ခရိုင်၊ North Benfleet ကျေးရွာတွင် ဖေဖော်ဝါရီ ၅ ရက်က တန်ဖိုးကြီးကားတစ်စင်း သိမ်းဆည်း ရရှိခဲ့။)

 

(ရဲတပ်ဖွဲ့မှ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သော ပေါင် ၇၀၀၀၀ တန်ကြေးရှိ Aston Martin DB11 )

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Britain's stolen Range Rovers and Rolls-Royces end up on the streets of Moscow as Putin's cronies try to beat Ukraine war sanctions, police reveal (dailymail)