တရုတ်ပြည်တွင် ကြက်သွန်ဖြူစိုက်ခင်းကို တက်နင်းသော Mercedes-Benz ကားအား စိုက်ခင်းရှင် အမျိုးသမီးက အုတ်နီခဲဖြင့်ထု

  • 327 views

တရုတ်ပြည်အလယ်ပိုင်းတွင် မိမိ၏ ကြက်သွန်ဖြူစိုက်ခင်းအား တက်နင်းသော Mercedes-Benz ကားကို စိုက်ခင်းရှင် အမျိုးသမီးက ဒေါသအလွန်ထွက်ကာ အုတ်နီခဲဖြင့်ထုခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ တရုတ်ပြည် ဟီနမ်ပြည်နယ်၊ တိုက်ကန်ခရိုင်တွင် ဧပြီလ ၅ ရက်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျန်းဟုသာ အမည်သိရသော အမျိုးသားသည် ကျဉ်းမြောင်းသော ကျေးလက်လမ်းတွင် ကားမောင်းလာရင်း ကြက်သွန်ဖြူစိုက်ခင်းအချို့ကို ဖြတ်မောင်းခဲ့ခြင်းဖြစ်ကြောင်း Henan TV က သတင်းဖော်ပြသည်။

ကျန်းက ပြောသည်မှာ မိမိကားက စိုက်ခင်းများအား ဖြတ်မောင်းမိသည်ကို မသိသောကြောင့် ကားမရပ်ဘဲ မောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

လျိုဟု အမည်သိရသော စိုက်ခင်းရှင်သည် ဘက်ထရီဘီးဖြင့် ကားနောက်သို့ ချက်ချင်း လိုက်ခဲ့သည်။

လျိုက ယာဉ်မောင်းအား ဆဲဆိုခဲ့ပြီး နောက်ကြည့်မှန်ကို ဖျက်ဆီးခဲ့သည်။

ထို့နောက် မြေပြင်ပေါ်မှ အုတ်နီခဲတစ်လုံး ကောက်ယူလိုက်ပြီး ကားတံခါး၊ မှန်များနှင့် ဘောနက်တို့ကို ထုရိုက်ဖျက်ဆီးခဲ့ပုံကို အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်များတွင် တွေ့ရသည်။

 

(ဒေါသထွက်နေသော စိုက်ခင်းရှင်က အုတ်ခဲတစ်လုံး ကောက်ယူကာ Mercedes-Benz အား ထုရိုက် ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ-Baidu)


“သူက ကျွန်မတို့အပေါ် ဘာကြောင့်ဒေါသထွက်တယ်ဆိုတာ မပြောဘဲ ကားကို ဖျက်ဆီးခဲ့ပါတယ်”ဟု ကားခေါင်းခန်းတွင် လိုက်ပါလာသူ ကျန်း၏ ဇနီးက ပြောသည်။

ယင်းနောက် ၎င်းတို့ ရဲစခန်းသို့ ရောက်ရှိခဲ့ကြပြီးနောက် ကျန်းတို့ ဇနီးမောင်နှံက လျို၏ ဒေါသထွက်ရခြင်း အကြောင်းရင်းကို သိလာရသည်။

ယင်းနောက် ၎င်းတို့သည် အခင်းဖြစ်ပွားရာနေရာသို့ ပြန်လည်သွားရောက် ကြည့်ရှုကြရာ ကျန်းတို့ကား မဖြတ်သန်းမီ အခြားမော်တော်ယာဉ်များက ကြက်သွန်ဖြူစိုက်ခင်းပေါ် ဖြတ်သန်းခဲ့ကြသည်ကို ကားဘီးရာ များအရ တွေ့ရသည်။

“သူက သူ့ဒေါသတွေကို ကျွန်မတို့အပေါ်ပဲ ပုံချခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ကြောင့် သူရဲ့ စိုက်ခင်း ပျက်စီးသွားတယ်လို့ ပြောခဲ့ရင် ကျွန်မတို့က အလျော်ပေးမှာ ဖြစ်ပါတယ်”ဟု ကျန်း၏ ဇနီးက ပြောသည်။

“ခုတော့ ကျွန်မတို့ ဒီပြဿနာကို ဥပဒေအရပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်မတို့က ပျက်စီးသွားတဲ့ ကြက်သွန်ဖြူစိုက်ခင်းဖိုး ပေးလျော်ပါမယ်။ သူကလည်း ကျွန်မတို့ရဲ့ကား ပျက်စီးမှုအတွက် ပေးလျော်ရမှာ ဖြစ်ပါတယ်။”

ရဲတပ်ဖွဲ့ မှတ်တမ်းများအရ လျိုနှင့် ကျန်းတို့သည် အပြန်အလှန် လျော်ကြေးပေးကြရန် သဘောတူခဲ့ကြောင်း သိရသည်။

 

(တန်ဖိုးကြီးကားမှာ နောက်ကြည့်မှန်၊ ဘေးမှန်များနှင့် ဘောနက်တို့ ထိခိုက်ပျက်စီးခဲ့သည်။ ဓာတ်ပုံ-Baidu)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Furious China farmer takes brick to smash luxury car of driver who crushed her garlic seedlings, triggers wealth gap debate  (scmp)


Photo Credit:  Baidu