- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့တိုက်ကြီး ၆ ခု၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို လျှပ်စစ်ကားဖြင့် ကမ္ဘာပတ်ကာ ကမ္ဘာ့စံချိန်တင်လိုက်သည့် မိန်းကလေး
ကမ္ဘာ့တိုက်ကြီး ၆ ခု၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို လျှပ်စစ်ကားဖြင့် ကမ္ဘာပတ်ကာ ကမ္ဘာ့စံချိန်တင်လိုက်သည့် မိန်းကလေး
- 244 views
Ford ကုမ္ပဏီ၏ Charge Around the Globe challenge မှာ ၆ လအကြာတွင် အပြီးသတ် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
Lexie Limitless အမည်ရှိ မိန်းကလေးက Ford ကုမ္ပဏီထုတ် Ford Explorer လျှပ်စစ်ကားဖြင့် ကမ္ဘာပတ်ကာ စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကားမော်ဒယ်သစ်သည် ဗြိတိန်တွင် ၂၀၂၄ နှစ်ကုန်ပိုင်း၌ ပေါင် ၄၆,၀၀၀ ဖြင့် ရောင်းချဖွယ် ရှိသည်။
ကမ္ဘာ့တိုက်ကြီး ၆ ခုနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ကမ္ဘာပတ်ခဲ့သည့် ခရီးစဉ်မှာ ၆ လကြာမြင့်ခဲ့ပြီး လျှပ်စစ်ကား တို့ဖြင့် ကမ္ဘာပတ်နိုင်ပုံကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
[လျှပ်စစ်ကားဖြင့် ကမ္ဘာပတ်ခဲ့သည့် မိန်းကလေး Lexie Limitless (ကား၏ ယာဘက်မှ) ။ Lexie သည် Ford ကုမ္ပဏီထုတ် Explorer SUV ဖြင့် ကမ္ဘာပတ်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ကားဖြင့် ကမ္ဘာ့ပထမဆုံး ကမ္ဘာပတ်သူ ဖြစ်လာသည်။ ပြင်သစ်နိုင်ငံ၊ Nice မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်က ကမ္ဘာ့စံချိန်မှတ်တမ်းတင် ခဲ့ခြင်းဖြစ်ပြီး Ford ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ Jim Farley (ကား၏ ဝဲဘက်မှ) က Lexie ကို Nice မြို့တွင် ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ကမ္ဘာ့စံချိန်တင်ခဲ့ပြီးနောက် Ford Explorer ကို ဈေးကွက်တွင် စတင်ဖြန့်ချိခဲ့သည်]
အသက် ၂၆ နှစ်အရွယ်ရှိ Lexie Alford (လူမှုကွန်ရက်တွင် Lexie Limitless ဟူသောအမည်ဖြင့်သုံးစွဲ) သည် Ford ကုမ္ပဏီထုတ် နမူနာကား Explorer SUV ဖြင့် ကမ္ဘာပတ်ခဲ့ပြီးနောက် မတ်လ ၂၆ ရက်တွင် ကမ္ဘာပတ် ခရီးစဉ် အပြီးသတ်ခဲ့ကာ လျှပ်စစ်ကားဖြင့် ပထမဆုံးကမ္ဘာပတ်သူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။
Lexie ၏ ခရီးစဉ်မှာ ၂၀ ရာစုအစောပိုင်းက ကမ္ဘာပတ်ခဲ့သည့်အမျိုးသမီး Aloha Wanderwell ကို အမှတ်ရဖွယ် ဖြစ်သည်။
Aloha သည် ကားဖြင့် ကမ္ဘာပတ်သည့် ကမ္ဘာ့ပထမဆုံးအမျိုးသမီးဖြစ်ပြီး Ford ကုမ္ပဏီထုတ် Model T ဖြင့် ကမ္ဘာပတ်ခဲ့ခြင်း ဖြစ်သည်။
Lexie သည် ကမ္ဘာတိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် လျှပ်စစ်ကားဖြင့် ကီလိုမီတာ ၃၀၀၀၀ ကျော် (၁၈၆၄၀ မိုင်ခန့်) မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
(ကားတစ်စီးဖြင့် ကမ္ဘာပတ်ခဲ့သည့် ကမ္ဘာ့ပထမဆုံး အမျိုးသမီး Aloha Wanderwell )
(ယခုကမ္ဘာ့စံချိန်မှာ ကမ္ဘာတစ်ဝန်းရှိ ဆိုလာပြားများနှင့် နေအိမ်သုံးပလပ်ပေါက်များအထိ အားသွင်း အခြေခံအဆောက်အအုံ အခြေအနေကို ပြသနိုင်ရန် ရည်ရွယ်သည်။)
(ပြင်သစ်နိုင်ငံ NICE မြို့မှ ခရီးစဉ်စတင်ကာ ထိုမြို့တွင်ပင် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။)
Lexie သည် Ford Explorer လျှပ်စစ်ကားဖြင့် ဥရောပတွင် ပြင်သစ်၊ အီတလီ၊ ဆလိုဗေးနီးယား ၊ ခရိုအေးရှား၊ ဆားဗီးယား၊ ဂရိ၊ တူရကီ၊ ဂျော်ဂျီယာနိုင်ငံများ၊ အာရှတွင် အိန္ဒိယ၊ ဘူတန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှားနိုင်ငံများ၊ သြစတေးလျ၊ အာဖရိကတွင် တောင်အာဖရိကနှင့်ဇင်ဘာဘွေနိုင်ငံများ၊ တောင်အမေရိကတွင် ချီလီနှင့် အာဂျင်တီးနား၊ မြောက်အမေရိကတွင် အမေရိကန်ပြည်ထောင်စုတို့သို့ ရောက်ရှိခဲ့သည်။
(Lexie သည် အသက် ၂၁ နှစ်အရွယ်က ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ရာ ကမ္ဘာ့အသက်အငယ်ဆုံး ကမ္ဘာပတ်သူအဖြစ် စံချိန်တင်ထားခဲ့သည်။)
(နမူနာကား Explorer ဖြင့် အားသွင်းအခြေခံအဆောက်အအုံရှိသော နေရာများကိုလည်း ရောက်ရှိခဲ့သည်။)
Lexie က ပြောသည်မှာ အားသွင်းရန် အခက်အခဲဆုံးနိုင်ငံမှာ ဇင်ဘာဘွေဖြစ်ကြောင်း ပြောသည်။
“အဲဒီမှာ အားသွင်းစက်တွေ မရှိပါဘူး။ သူတို့က EV တွေ မစီးကြသေးဘူး။ ပိုဆိုးတာက မီးပျက်တဲ့အချိန် တော်တော်ဆိုးပါတယ်။”
(လျှပ်စစ်ကားစီးမည်ဆိုပါက မိမိသွားမည့် နေရာနှင့် စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း Lexie က ပြောသည်။)
“ဘူတန်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်လို နိုင်ငံတွေမှာတော့ အားသွင်းစက်တွေ အများကြီး ရှိပါတယ်။”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Around the world in EV days: Adventurer Lexie Limitless becomes first to circumnavigate the globe in an electric car (dailymail)
Photo Credit: dailymail