- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်ထုတ် ရောင်းမထွက်သော လျှပ်စစ်ကားများ ဥရောပတခွင်ရှိ ဆိပ်ကမ်းများတွင် အလုံးအရင်း စုပုံလျက်ရှိနေ
တရုတ်ပြည်ထုတ် ရောင်းမထွက်သော လျှပ်စစ်ကားများ ဥရောပတခွင်ရှိ ဆိပ်ကမ်းများတွင် အလုံးအရင်း စုပုံလျက်ရှိနေ
- 483 views
ဥရောပတခွင်ရှိ ဆိပ်ကမ်းများစွာတွင် ပြည်ပမှ တင်သွင်းလာသော မော်တော်ကားများ ထောင်သောင်းချီကာ စုပုံလျက်ရှိနေပြီး အများစုမှာ တရုတ်ပြည်မှ တင်သွင်းလာသော ကားများ ဖြစ်သည်။
ကားထုတ်လုပ်သူများစွာမှာ ဝယ်သူမရှိသော အဆိုပါကားများအတွက် ဆိပ်ကမ်းများတွင် ကြီးမားကျယ်ဝန်း သော နေရာများ ငှားရမ်းထားကြရသည်။
ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများမှာလည်း ဆိပ်ကမ်းများ၏ အပြင်ဘက်တွင် ကားရပ်နားရန် နေရာများ ငှားရမ်းထားကြရသည်။
“ဥရောပမှာရှိတဲ့ ဆိပ်ကမ်းအားလုံးမှာ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီဆိပ်ကမ်းတွေကို ကားတွေ အလုံးအရင်း ရောက်ရှိနေတာဖြစ်ပါတယ်” ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ Antwerp နှင့် Zeebrugge ဆိပ်ကမ်းများ၏ အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Gert Ickx က Automotive News Europe ၏ ညီနောင် သတင်းဌာနဖြစ်သော Automobilwoche သို့ ပြောသည်။
မရောင်းရဘဲ စုပုံနေသော ကားအစင်းရေ မည်မျှရှိနေသည်ကို ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကိန်းဂဏန်း အတိအကျမထုတ်ပြန်သော်လည်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Gert Ickx က ပြောသည်မှာမူ ၂၀၂၀ ၊ ၂၀၂၁ ခုနှစ်များထက် အလွန်များပြားသည့်ပမာဏဖြစ်ကြောင်း ပြောသည်။
ထိုပြဿနာကို ပိုမိုဆိုးရွားစေသည့် အချက်အလက်များလည်းရှိနေကြောင်း Ickx က ပြောသည်။
“ဒီကားတွေကို သယ်ဖို့ ထရပ်ကားတွေ အလုံအလောက်မရှိတဲ့အပြင် ထရပ်ကား ယာဉ်မောင်းကလည်း အလွန်နည်း ပါတယ်” ဟု Ickx က ပြောသည်။
ထို့အပြင် ဥရောပတွင် ကားသစ်များ ရောင်းအားကျဆင်းနေခြင်းမှာလည်း ကားများစုပုံနေရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။
ယင်းအပြင် အချို့သော ကားကုမ္ပဏီတို့က အရောင်းကိုယ်စားလှယ်များဖြင့် ရောင်းခြင်းအစား ဝယ်လက်များထံ တိုက်ရိုက် ရောင်းချမှုမှာလည်း ကားများစုပုံနေခြင်း၏ အကြောင်းရပ်တစ်ခု ဖြစ်သည်။
“တချို့ ကားအမှတ်တံဆိပ်တွေဟာ အခုအခါမှာ ဝယ်လက်တွေဆီ တိုက်ရိုက်ရောင်းချနေကြပါတယ်။ ကားတွေ ကို အရောင်းကုမ္ပဏီတွေဆီ မပို့ဘဲ ဆိပ်ကမ်းတွေမှာ အကြာကြီးထားပြီး ရောင်းနေကြတာ ဖြစ်ပါတယ်”ဟု Ickx က ပြောသည်။
ဥရောပ မော်တော်ယာဉ် ထောက်ပံ့ပို့ဆောင်ရေးအသင်း ဥက္ကဌ Wolfgang Goebel က ပြောသည်မှာ ဆိပ်ကမ်း များတွင် ကားများဖြင့် ပြည့်နေကြောင်း၊ သို့သော် ထိုဖြစ်ရပ်မှာ အသစ်အဆန်းမဟုတ်ကြောင်း ပြောသည်။
“ဆိပ်ကမ်းတွေမှာ ကားတွေအချိန်အကြာကြီး စုပုံနေပါတယ်”ဟု Goebel က ပြောသည်။
“ဈေးကွက်က အားနည်းနေပါတယ်။ ဒါကြောင့် ကားတွေအထွက်နည်းတာ ဖြစ်ပါတယ်။ တရုတ်ပြည်က တင်သွင်းလာတဲ့ ကားတွေဟာ ဒီပြဿနာရဲ့ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။”
ဂျာမနီအစိုးရက လျှပ်စစ်ကားများအား ထောက်ပံ့ကူညီပေးခြင်း အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း လျှပ်စစ်ကားများ ဆိပ်ကမ်းများတွင် စုပုံနေရခြင်း၏ အခြားအကြောင်းရပ်တစ်ခု ဖြစ်သည်။
“ဒီအခြေအနေဟာ တင်သွင်းလာတဲ့ လျှပ်စစ်ကား အမှတ်တံဆိပ်အားလုံးအပေါ် သက်ရောက်ခဲ့ပါတယ်”ဟု Goebel က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Unsold Chinese EVs Are Piling Up At Ports (yahoo)
Photo Credit: (yahoo)