- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားမှုဝါဒ အပြောင်းအလဲလုပ်ရန် လိုအပ်နေ
ကားမှုဝါဒ အပြောင်းအလဲလုပ်ရန် လိုအပ်နေ
- 945 views
မြန်မာနိုင်ငံ၏ လက်တလောကျင့်သုံးနေသည့် ကားမှုဝါဒများကြောင့် ကားဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ကားတင်သွင်းရောင်းချသူများက ပြောသည်။
ကားဈေးကွက်အတွင်း Brand New ကားတင်သွင်းမှုကျဆင်းခြင်း၊ တင်သွင်းပြီး ဂျပန် တစ်ပတ်ရစ် ကားများကိုသာ အဓိကထား အရောင်းအဝယ်ပြုလုပ်နေရခြင်းနှင့် EV လျှပ်စစ်ကားသုံးစွဲရန် လျှပ်စစ်မီးအခက်အခဲရှိနေခြင်းတို့ကြောင့် ကားဝယ်ယူသုံးစွဲသူများ အခက်အခဲကြုံနေရကြောင်း သိရသည်။
“ Zero ကီလိုကားသစ်ဈေးက ပြည်ပကနေ တင်သွင်းပြီး ကညနလိုင်စင်ဝင်တာနဲ့ တန်ကြေးက နှစ်ဆဖြစ်သွားတယ်။ ဝယ်စီးတဲ့သူက ကားဖိုးထက် အခွန်ကို ပိုကြောက်နေတော့ ဂျပန်တစ်ပတ်ရစ်ကားပဲ စီးနေကြတာ။ အခု ဂျပန်တစ်ပတ်ရစ်ကားတွေကလည်း တင်သွင်းထားတာ (၁၀) နှစ်လောက်ကြာပြီဆိုတော့ အရမ်းဟောင်းနေပြီ” ဟု သိမ်ဖြူ ကားဝယ်ရောင်းလုပ်ငန်းရှင်များအသင်းမှ ကိုထွန်းထွန်းက ပြောသည်။
ကားဝယ်စီးချင်သူများအနေဖြင့် ရွေးချယ်စရာ နည်းပါးသောကြောင့် ဈေးကွက်တွင်းရှိ ကားများကိုသာ ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ကားဈေးကွက်မှာ တိုးတက်မှုနည်းပါးနေကြောင်းနှင့် လျှပ်စစ်စွမ်းအင်သုံး လူစီး EV ကားများမှာလည်း ဈေးကွက်မတွင်ကျယ်သေးကြောင်း ကားလုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံတကာတွင် စက်သုံးဆီကားများအစား လူစီး EV ကားများ ပြောင်းလဲသုံးစွဲလာနေသော်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပျက်တောက်မှုကြောင့် လူစီး EV ကားများ သုံးစွဲမှု မတွင်ကျယ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ခွင့်ပြုထားပြီး အဆိုပါ ယာဉ်များအနက် EV လူစီးမော်တော်ယာဉ် (၁၈၇၇)စီးနဲ့ ကုန်တင်(ဝန်ပေါ့) ယာဉ် (၁၁) စီးပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com