- ပင်မစာမျက်နှာ
- ကားသတင်းများ
- အီတလီကားကုမ္ပဏီကြီးက ထုတ်လုပ်မည့် ကားမော်ဒယ်သစ်၏ အမည်ကို အစိုးရက လက်မခံသောကြောင့် နာမည်ပြောင်းရ
အီတလီကားကုမ္ပဏီကြီးက ထုတ်လုပ်မည့် ကားမော်ဒယ်သစ်၏ အမည်ကို အစိုးရက လက်မခံသောကြောင့် နာမည်ပြောင်းရ
- 248 views
ကမ္ဘာ့အထင်ကရ ကားကုမ္ပဏီကြီးတစ်ခုသည် ၎င်းတို့အသစ်ထုတ်လုပ်မည့် EV ကားသစ်၏ အမည်ကို အီတလီအစိုးရက လက်မခံသောကြောင့် နာမည်သစ်ပြောင်းလဲလိုက်ရသည်။
ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ကားအမည်ပြောင်းလဲလိုက်ခြင်းမှာ အပြန်အလှန်နားလည်မှုကို မြှင့်တင်နိုင် ရန်ဖြစ်ကြောင်း ထုတ်ပြန်ပြီး မူလအမည်မှာ ဥပဒေကို ချိုးဖောက်နေသည်ဟု အီတလီဝန်ကြီးက စွပ်စွဲပြောဆိုမှု ကို ငြင်းပယ်ထားသည်။
(အီတလီကားကုမ္ပဏီ Alfa Romeo က ၎င်းတို့ထုတ်လုပ်မည့် လျှပ်စစ် SUV ၏ အမည်ကို ပြောင်းလဲ လိုက်သည်။ ဓာတ်ပုံ-Reuters)
(အဆိုပါ ကားမော်ဒယ်သစ်ကို မူလက Milano ဟု အမည်ပေးရန် ရည်ရွယ်ခဲ့သည်။ ဓာတ်ပုံ-Alfa Romeo)
(အီတလီ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Adolfo Urso က ပြောသည်မှာ Alfa Romeo သည် အီတလီ ထုတ်ကုန်များနှင့် စပ်လျဉ်းသည့်ဥပဒေကို ချိုးဖောက်နေကြောင်း ပြောသည်။ ဓာတ်ပုံ-AFP)
Alfa Romeo သည် အီတလီနိုင်ငံ၊ တူရင်မြို့တွင် ရုံးချုပ်အခြေစိုက်ပြီး ထုတ်လုပ်မည့် ကားမော်ဒယ်သစ်ကို Milano ဟု အမည်ပေးရန် မူလက ရည်ရွယ်ခဲ့သည်။
သို့သော် ထိုအမည်နှင့်စပ်လျဉ်းပြီး အီတလီတွင် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
အထူးသဖြင့် အမျိုးသားရေးဝါဒီ အစိုးရအဖွဲ့က ဝေဖန်ခြင်းဖြစ်ပြီး ထိုအမည်သည် ဥပဒေကို ချိုးဖောက်နေ ကြောင်း ထောက်ပြသည်။
ထိုသို့ ဝေဖန်ရခြင်း၏ အကြောင်းရင်းမှာ အဆိုပါ ကားမော်ဒယ်ကို အီတလီနိုင်ငံ၏ ပြင်ပတွင် ထုတ်လုပ်မည် ဖြစ်သောကြောင့် ဖြစ်သည်။
Alfa Romeo က အဆိုပါကားမော်ဒယ်ကို ပိုလန်နိုင်ငံရှိ စက်ရုံတစ်ခုတွင် ထုတ်လုပ်မည် ဖြစ်သည်။
အီတလီဥပဒေအရ အီတလီနိုင်ငံပြင်ပတွင် ထုတ်လုပ်သော ထုတ်ကုန်များကို အီတလီမှ ထုတ်သကဲ့သို့ ပုံဖော်ခြင်းများအား တားမြစ်ထားသည်။
အဆိုပါဥပဒေသည် အများအားဖြင့် Parmigiano ဒိန်ခဲကဲ့သို့ စားသောက်ကုန်များအပေါ် အဓိက ကိုင်တွယ် ဆောင်ရွက် ရမှုများရှိသော်လည်း ထုတ်ကုန်အမျိုးအစားအားလုံးအပေါ် အကျုံးဝင်သက်ရောက်မှု ရှိသည်။
ဝန်ကြီးချုပ် ဂျော်ဂျီယာမီလိုနီ၏ အစိုးရအဖွဲ့တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Adolfo Urso က Alfa Romeo က အမည်ပေးရန်စီစဉ်နေသော Milano သည် အထင်အမြင်လွဲမှားစေမည့် အမည်မျိုးဖြစ်ကြောင်း ပြောသည်။
“Milano လို့ နာမည်ပေးမယ့်ကားကို ပိုလန်မှာ ထုတ်လုပ်လို့ မရပါဘူး။ ဒါမျိုးကို အီတလီဥပဒေက တားမြစ်ထား ပါတယ်” ဟု ဝန်ကြီး Urso က ပြောသည်။
“ဝယ်ယူမယ့်သူတွေကို နားလည်မှုလွဲစေမယ့် ညွှန်ပြမှုမျိုးမပေးရဘူးလို့ ဒီဥပဒေမှာ ပြဌာန်းထားပါတယ်”
“ဒါကြောင့် Milano လို့ အမည်ပေးမယ့်ကားဟာ အီတလီမှာ ထုတ်လုပ်ရမှာ ဖြစ်ပါတယ်”
Alfa Romeo ကုမ္ပဏီကမူ ၎င်းတို့ ဥပဒေကို မချိုးဖောက်ကြောင်း ပြောဆိုထားပြီး အမည်ပြောင်းရန် ဆုံးဖြတ်ထားကြောင်းလည်း ပြောသည်။
အဆိုပါ ကားမော်ဒယ်ကို Junior ဟု အမည်ပြောင်းရန် စီစဉ်ထားသည်။
၁၉၆၆ ခုနှစ်က ထုတ်လုပ်ခဲ့သော GT 1300 Junior အတိုင်း Junior ဟု အမည်ပေးရန် စီစဉ်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ အမည်ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုလုပ်ဖို့ မလိုဘူးဆိုတာတော့ သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေမှာ ဝေဖန်ငြင်းခုံစရာအဖြစ်မျိုးတွေကို ရှောင်လွှဲလိုပြီး အပြုသဘော ခံစားချက်တွေပဲ ထိန်းသိမ်းထားလိုတာကြောင့် ဖြစ်ပါတယ်။” ဟု စီအီးအိုဖြစ်သူ Jean-Philippe Imparato က ပြောသည်။
(ပိုလန်တွင် ထုတ်လုပ်မည့်ကားကို Milano ဟု အမည်ပေးခြင်းမှာ နားလည်မှု လွဲမှားစေကြောင်း အီတလီ စီးပွားရေးဝန်ကြီးက ပြောသည်။ ဓာတ်ပုံ-Alfa Romeo)
(အဆိုပါ ကားမော်ဒယ်ကို Junior ဟု အမည်ပြောင်းရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Alamy)
(မိမိတို့အနေဖြင့် မည်သည့်စည်းမျဉ်းမှ မချိုးဖောက်ကြောင်း Alfa ကုမ္ပဏီဘက်က ငြင်းဆိုထားပြီး အပြန်အလှန် နားလည်မှု မြှင့်တင်နိုင်ရန်အတွက် အမည်ပြောင်းရန် စီစဉ်ထားကြောင်း ပြောသည်။ ဓာတ်ပုံ-Alfa Romeo)
(စီအီးအို Jean-Philippe Imparato။ ဓာတ်ပုံ-Reuters)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Major car brand changes name of new EV after pressure from Italian government (thesun)
Photo Credit: Reuters, Alfa Romeo, AFP,Alamy