• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Toyota က ၎င်း၏ ဝန်ထမ်းအချို့အား ထားရှိရန် ဖူဂျီတောင်ခြေတွင် ၁၇၅ ဧက ကျယ်ဝန်းသော မြို့သစ်ကြီးကို ပေါင် ၇ ဒသမ ၈ ဘီလီယံ အကုန်အကျခံကာ စက်ရုပ်များဖြင့် ဆောက်လုပ်လျက်ရှိ၊ ထိုမြို့တွင် မောင်းသူမဲ့ကားများနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုသာ အသုံးပြုမည်ဖြစ်ပြီး ၂၀၂၄ နှစ်ကုန်တွင် ပြီးစီးမည်

Toyota က ၎င်း၏ ဝန်ထမ်းအချို့အား ထားရှိရန် ဖူဂျီတောင်ခြေတွင် ၁၇၅ ဧက ကျယ်ဝန်းသော မြို့သစ်ကြီးကို ပေါင် ၇ ဒသမ ၈ ဘီလီယံ အကုန်အကျခံကာ စက်ရုပ်များဖြင့် ဆောက်လုပ်လျက်ရှိ၊ ထိုမြို့တွင် မောင်းသူမဲ့ကားများနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုသာ အသုံးပြုမည်ဖြစ်ပြီး ၂၀၂၄ နှစ်ကုန်တွင် ပြီးစီးမည်

  • 202 views


Toyota က ဆောက်လုပ်နေသော ကမ္ဘာ့အနာဂတ်အဆန်ဆုံး စမတ်မြို့သစ်ကြီးမှာ ယခုနှစ်ကုန်တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။

Toyota က တည်ဆောက်နေသော မြို့သစ်ကို Woven City ဟု အမည်ပေးထားပြီး ၎င်း၏ ဝန်ထမ်းများအပြင် လူပေါင်း ၂၀၀၀ ခန့် နေထိုင်နိုင်ရန် ရည်မှန်းထားသည်။

 

 

(Toyota ၏ အနာဂတ်ဆန်သော မြို့သစ်ကြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Toyota)

 

(အဆိုပါမြို့တွင် မောင်းသူမဲ့ကားများ အသုံးပြုသွားမည် ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

(မြို့သစ်ကြီးတွင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး စမတ်အိမ်များ ပါဝင်မည် ဖြစ်သည်။ ဓာတ်ပုံ-Toyota UK)

 


Toyota က ယခုမြို့သစ်ကို ဖူဂျီတောင်ခြေတွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး မြို့အတွင်းတွင် စွမ်းအင်သုံးစွဲမှု နည်းပါးသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး မောင်းသူမဲ့ကားများ အသုံးပြုသွားမည် ဖြစ်သည်။

Woven City မြို့သစ် ပြီးစီးသွားပါက E-palette ဟု ခေါ်သော ကားများကို အလင်းဆင်ဆာများ အသုံးပြုကာ မြို့တွင်းရှိ အဆောက်အအုံများနှင့် လမ်းများအတွင်း ပဲ့ကိုင်ထိန်းချုပ်သွားမည် ဖြစ်သည်။

မောင်းသူမဲ့ ကားများအတွက် သီးသန့်လမ်းများ ဖောက်လုပ်ထားပြီး ခြေလျင်သွားလာသူများနှင့် စက်ဘီး၊ ဆိုင်ကယ်များအတွက်လည်း သီးသန့်လမ်းများ ထားရှိထားသည်။

မြို့တွင်းနေထိုင်သူများနှင့် ယာဉ်လမ်းကြောင်းများအတွက် data stream အဆက်မပြတ်ပို့လွှတ်ကာ အချင်းချင်း ချိတ်ဆက်ပေးနေမည် ဖြစ်သည်။
တစ်မြို့လုံးရှိ ပန်းခြံများ၊ အဆောက်အအုံများ ၊ ရေပေးစနစ်များ အစရှိသည့် အရာအားလုံးတွင် အာရုံခံစနစ်များ တပ်ဆင်ထားမည် ဖြစ်သည်။
ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရန်အတွက် တစ်မြို့လုံးတွင် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုသာ အသုံးပြုမည် ဖြစ်သည်။

“လူတွေ အဆောက်အအုံတွေနဲ့ ယာဉ်တွေအားလုံးဟာ Data တွေ၊ အာရုံခံစနစ်တွေနဲ့ အချင်းချင်း ချိတ်ဆက် ထားမှာ ဖြစ်ပါတယ်။ အချင်းချင်း ဆက်သွယ်ထားတဲ့ AI နည်းပညာကို Virtual အပြင် လက်တွေ့နယ်ပယ်မှာပါ စမ်းသပ်သွားမှာ ဖြစ်ပါတယ်”ဟု Toyota ၏ ဥက္ကဌ Akio Toyoda က ပြောသည်။

မြို့တွင်းရှိ အဆောက်အအုံများစွာကို ဂျပန်ရှေးဟောင်း အိမ်ဆောက်နည်းပညာဖြင့် သစ်ကိုသာ အသုံးပြုကာ ဆောက်လုပ်မည်ဖြစ်ပြီး အကြီးစားလုပ်ငန်းများကို စက်ရုံများဖြင့် ဆောက်လုပ်ခဲ့သည်။

Toyota က ဤမြို့သစ်ကို ၂၀၂၁ တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၃ နှစ်ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၄ နှစ်ကုန်ပိုင်း တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားသည်။
ကနဦးတွင် လူဦးရေ ၃၆၀ ထားရှိမည်ဖြစ်ပြီး အချို့မှာ Toyota ၏ ဝန်ထမ်းများ ဖြစ်သည်။

နောက်ပိုင်းတွင် လူဦးရေ ၂၀၀၀ ခန့်အထိ နေထိုင်နိုင်စေရန် မျှော်မှန်းထားသည်။

မြို့အကျယ်မှာ ၁၇၅ ဧကရှိပြီး ဆောက်လုပ်မည့် ကုန်ကျစရိတ် ပေါင် ၇ ဒသမ ၈ ဘီလီယံရှိသည်။

 

(ကနဦးတွင် လူဦးရေ ၃၆၀ ထားရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် လူ ၂၀၀၀ ခန့်အထိ နေထိုင်နိုင်ရန် မျှော်မှန်းထားသည်။ ဓာတ်ပုံ-Toyota UK)

 

(စက်ရုပ်များဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Toyota UK)

 

(ဤမြို့ကို သက်ရှိ စမ်းသပ်ခန်းဟု တင်စားခေါ်ဝေါ်ကြသည်။ ဓာတ်ပုံ-Getty)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Inside world’s £7.8billion futuristic city with driverless cars built near volcano – & is due to be completed this year (thesun)


 Photo Credit:  Toyota, Getty, Toyota UK