Tesla က ရောင်းအားကျဆင်းမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းပေါင်း ၁၀ ရာခိုင်နှုန်းကျော် အလုပ်ဖြုတ်

  • 109 views

ရိုတ်တာသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သော ကုမ္ပဏီအတွင်း ထုတ်ပြန်ချက်တစ်ခုအရ Tesla သည် ကမ္ဘာတစ်ဝန်းမှ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကျော်ကို အလုပ်ဖြုတ်လျက် ရှိကြောင်း သိရသည်။

Tesla သည် ရောင်းအားကျဆင်းမှုများအပြင် EV များနှင့် စပ်လျဉ်းပြီး ပြင်းထန်သော ဈေးနှုန်းစစ်ပွဲ ဆင်နွှဲလာရချိန်တွင် ယခုကဲ့သို့ ဝန်ထမ်းများ အလုပ်ဖြုတ်မှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

“၅ နှစ် တစ်ကြိမ်လောက်ရှိတိုင်း ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီ နောက်တဆင့် တိုးတက်ဖို့အတွက် ပြန်လည် ဖွဲ့စည်းဖို့နဲ့ ထိရောက်အောင်လုပ်ဖို့ လိုအပ်ပါတယ်”ဟု စီအီးအိုဖြစ်သူ Elon Musk က X လူမှုကွန်ရက်တွင် မှတ်ချက်ပြုသည်။

Tesla ၏ ထိပ်တန်းခေါင်းဆောင် ၂ ဦးဖြစ်သော ဘက်ထရီထုတ်လုပ်ရေးဌာန အကြီးအကဲ Drew Baglino နှင့် Public policy ဌာန ဒုတိယအကြီးအကဲ Rohan Patel တို့လည်း Tesla ကို ကျောခိုင်းရသူများတွင် ပါဝင်နေ သည်။

ရင်းနှီးမြှုပ်နှံသူအချို့က ယခုအခြေအနေအပေါ် ရတက်မအေးဖြစ်နေကြသည်။

Elon Musk သည် ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးနှင့် စပ်လျဉ်းပြီး မိမိတွင် အလွန်မကောင်းသော ခံစားချက် ဖြစ်နေကြောင်း ကုမ္ပဏီအမှုဆောင်တို့အား ပြောခဲ့ပြီးနောက် အလုပ်ထုတ်မှုများစွာ ပေါ်ပေါက်လာခဲ့သည်။

သို့သော် Tesla ၏ ဝန်ထမ်းအရေအတွက်မှာ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ၁၀၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ၁၄၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

လွန်ခဲ့သော ၁ နှစ်နီးပါးက Tesla ၏ ဘဏ္ဍာရေးအရာရှိချုပ် Zach Kirkhorn ကုမ္ပဏီမှ ထွက်ခွာသွားရာ ၎င်းနေရာ ဆက်ခံမည့်သူနှင့် စပ်လျဉ်းပြီး စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့သည်။

အဆိုပါ သတင်းပေါ်ပေါက်အပြီး တနင်္လာနေ့က Tesla ၏ ရှယ်ယာများမှ ၅ ဒသမ ၆ ရာခိုင်နှုန်း ဈေးကျခဲ့ပြီး ၁၆၁ ဒသမ ၄၈ ဒေါ်လာဖြင့် ဈေးကွက်ပိတ်ခဲ့သည်။

“ကုမ္ပဏီကို နောက်တဆင့် တိုးတက်မှုအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကုမ္ပဏီမှာ စရိတ်လျှော့ချမှုနဲ့ ထုတ်လုပ်မှု မြှင့်တင်ဖို့ဟာ အလွန်အရေးကြီးပါတယ်”ဟု Elon Musk က ဝန်ထမ်းအားလုံးထံ ပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည်။

“ဒီအတွက် ကြိုးပမ်းတဲ့အနေနဲ့ ကျွန်တော်တို့ဟာ အဖွဲ့အစည်းကို အသေးစိတ် သုံးသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ တကမ္ဘာလုံးက ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကျော် လျှော့ချဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့ရပါတယ်”ဟု Elon Musk ၏ အကြောင်းကြားစာတွင် ဆက်လက်ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနက အမေရိကန်ပြည်ထောင်စုရှိ Tesla ၏ ဝန်ထမ်း အနည်းဆုံး ၃ ဦးထံ ပေးပို့ခဲ့သော အီးမေးလ်ကို ကြည့်ရှုခွင့်ရခဲ့ရာ အလုပ်ထုတ်ပယ်မှုမှာ ချက်ချင်းအသက်ဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tesla laying off more than 10% of staff globally as sales fall (Reuters)

Photo Credit:  Purchase Licensing Rights