- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရာနှင့်ချီသော တပတ်ရစ်ကားဟောင်းများကို ပြုပြင်မွမ်းမံကာ ကားလိုအပ်သူများအား အခမဲ့ပေးလှူနေသည့် အမေရိကန်က အကင်ဆိုင်ပိုင်ရှင်တစ်ဦးအကြောင်း
ရာနှင့်ချီသော တပတ်ရစ်ကားဟောင်းများကို ပြုပြင်မွမ်းမံကာ ကားလိုအပ်သူများအား အခမဲ့ပေးလှူနေသည့် အမေရိကန်က အကင်ဆိုင်ပိုင်ရှင်တစ်ဦးအကြောင်း
- 122 views
၂၀၂၀ ပြည့်နှစ် ခရစ်စမတ်ကာလသည် မီလာနီ လီအတွက် စိတ်ပျက်စရာ ကာလတစ်ခု ဖြစ်ခဲ့သည်။
ထိုကာလမတိုင်မီ ရက်သတ္တပတ်အနည်းငယ်က ကာလကြာရှည် နာမကျန်းဖြစ်နေသော အသက် ၃၃ နှစ် အရွယ် သားဖြစ်သူမှာ ရောဂါဝေဒနာကို အရှုံးပေးသွားခဲ့ရသည်။
ယင်းနောက် သူမ၏ ၂၀၀၇ ခုနှစ်ထုတ် Chevrolet Tahoe မှာလည်း ဂီယာပျက်သွားသည်။
ကားပြင်ရန် သူမတွင် ငွေမရှိ။
“ကားပျက်သွားတာဟာ ကျွန်မဘဝလုံး ရပ်ဆိုင်းသွားခဲ့ရတာပါပဲ။ ကားမရှိတော့ သွားလို့လာလို့ မရတော့ဘူး။ မြေးလေးတွေနဲ့ ဘယ်လိုတွေ့ရမယ် မသိတော့ဘူး”ဟု မီလာနီက CNN သတင်းဌာနသို့ ပြောသည်။
အဲလိယက် မစ်ဒယ်လ်တန်သည် ကားစက်ပြင်ဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ယခုအခါ အကင်ဆိုင်ပိုင်ရှင် တစ်ဦး ဖြစ်နေသည်။
အသက် ၃၈ နှစ်အရွယ်ရှိ အဲလိယက်သည် အားလပ်ချိန်များတွင် တပတ်ရစ်ကားများကို ပြန်လည်ပြုပြင် မွမ်းမံကာ အခမဲ့ လှူဒါန်းလေ့ရှိသည်။
သူက မီလာနီ၏ အခက်အခဲကို တူဖြစ်သူ ဖရန့် မက္ကလာရီထံမှ ကြားသိခဲ့သည်။
ဖရန့် မက္ကလာရီသည် တောင်ကာလိုရိုင်းနားပြည်နယ်မှ လူဦးရေ ၃၀၀၀ ခန့်သာရှိသော အင်ဒရူးစ်မြို့ကလေး၏ မြို့တော်ဝန် ဖြစ်သည်။
ခရစ္စမတ် မနက်ခင်းတွင် အဲလိယက်သည် ကြိုတင်အကြောင်းမကြားဘဲ မီလာနီ၏ အိမ်သို့ ရောက်လာကာ လက်ဆောင်တစ်ခု ပေးသွားသည်။
ထိုလက်ဆောင်မှာ ၁၉၉၃ ခုနှစ်ထုတ် အဖြူရောင် Oldsmobile တစ်စင်း ဖြစ်သည်။
Oldsmobile မှာ General Motors မှ ထုတ်လုပ်ခဲ့သော ကားဖြစ်သည်။
“ကျွန်မ ဘာတွေဖြစ်နေလဲတောင် မတွေးတတ်ခဲ့ဘူး။ သူက ကျွန်မကို ကားသော့ပေးခဲ့တယ်။ ပြီးတော့ ဘာမှ မတောင်းဆိုဘူး။”
မီလာနီသည် ကားရှိသွားပြီဖြစ်သောကြောင့် မြေးမလေးများကို ကျောင်းကြိုနိုင်ပြီဖြစ်သည်။
တပတ်ရစ်ကားများ ပေးလှူမည့် စိတ်ကူး အဲလိယက် ရခဲ့ပုံမှာ ၎င်းတည်ထောင်ခဲ့သည့် အစားအသောက် ပို့ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခဲ့စဉ် ကာလအတွင်း ဖြစ်သည်။
များစွာသော သူတို့သည် ကားမရှိသောကြောင့် အစားအသောက်အတွက် တန်းစီရန် ၄ မိုင်ခန့် လမ်းလျှောက် ကြရသည်။
တောင်ကာရိုလိုင်းနားတွင် ကားမှာ အလွန်အရေးပါသည်။
“အဲဒီမှာက အလုပ်အင်တာဗျူးသွားဖို့၊ ဆရာဝန်ရက်ချိန်းပြဖို့၊ အစားအသောက်သွားဝယ်ဖို့အတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မရှိဘူး။ Uber တွေမရှိဘူး။ တက္ကစီတွေမရှိဘူး။” ဟု အဲလိယက်က CBS သတင်းဌာနသို့ ပြောသည်။
ထိုအချိန်တွင် အဲလိယက်က ဖေ့စ်ဘုတ်တွင် ပို့စ်တစ်ခုတင်လိုက်၏။
မိမိ၏ စားသောက်ဆိုင်မှ အထူးဟင်းလျာဖြစ်သော နံရိုးကင်နှင့် ကားပျက်များ လဲလှယ်လိုကြောင်း ရေးသား ခဲ့သည်။
ယင်းနောက်ပိုင်း သူ၏ မိတ်ဆွေများအပြင် အဲလိယက်နှင့် မသိကျွမ်းသူ များစွာ ရောက်ရှိလာကြပြီး ပျက်စီး ချွတ်ယွင်းမှု အနေအထားအမျိုးမျိုးရှိသော တပတ်ရစ်ကားပေါင်း အစင်း ၁၀၀ ကျော် လာပေးသွားကြသည်။
ယခုအခါ အဲလိယက်၏ ခြံဝန်းအတွင်း ပြုပြင်လှူဒါန်းရန် တပတ်ရစ်ကား များစွာရှိနေသည်။
အဲလိယက်က တဆင့်စကား တဆင့်နားဖြင့် ကားလိုအပ်နေသည်ဟု သိထားသူများကို ပြန်လည်ပြုပြင် ထားသော တပတ်ရစ်ကားများ လှူဒါန်းပေးသည်။
အဲလိယက် လှူရမည့်သူများ၏ အမည်စာရင်းမှာ နေ့စဉ် တိုး၍သာ လာနေသည်။
“အဲလိယက်ဟာ နတ်တစ်ပါးဖြစ်တယ်လို့ လူတွေက တွေးနေကြတယ်။ ကျွန်တော်လည်း အဲ့လို တွေးမိနေ ပါတယ်” ဟု မြို့တော်ဝန် မက္ကလာရီက ဝါရှင်တန်ပို့စ် သတင်းစာကို ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: This Barbecue Restaurant Owner Donates Cars to Those in Need (RD)
Photo Credit: Reader's Digest