ဗြိတိန်ရဲတပ်ဖွဲ့က တစ်နှစ်အတွင်း ကားအစင်းရေ ၂၁၄၀၀၀ ကျော် သိမ်းယူခဲ့၊ (၁၆) ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးခဲ့

  • 221 views

 

ဗြိတိန်ရဲတပ်ဖွဲ့သည် ပြီးခဲ့သောနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ လမ်းများပေါ်မှ မော်တော်ယာဉ်အစင်းရေ ၂၁၄၀၀၀ ကျော် သိမ်းယူခဲ့ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

မော်တော်ကားများ အခွန်မဆောင်ခြင်း (သို့မဟုတ်) အာမခံ မထားခြင်း (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်မရှိဘဲ ကားမောင်းခြင်း (သို့မဟုတ်) ခိုးယူထားသော ယာဉ်ကို သိမ်းယူမိခြင်းနှင့် ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း အခင်းဖြစ်နေရာမှ ဆွဲယူခံရခြင်း အစရှိသော ကားများမှာ ရဲအရာရှိတို့၏ သိမ်းယူခြင်းကို ခံရနိုင်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ရဲတပ်ဖွဲ့မှ ယာဉ်အများဆုံး သိမ်းယူခဲ့သောနေရာမှာ စကော့တလန်ရှိ Dundee မြို့တွင်ဖြစ်ပြီး သိမ်းယူခဲ့သော ယာဉ်အစင်းရေ ၂၃၃၄၄ ဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ ရဲစခန်း ၂၃ ခုမှ သိမ်းယူခဲ့သော ယာဉ်အစင်းရေ ၂၁၄၀၅၁ အနက် ၆ ပုံ ၁ ပုံ (၁၆ ဒသမ ၆ ရာခိုင်နှုန်း) ကို သိမ်းယူပြီး မကြာမီတွင် ဖျက်ဆီးခဲ့သည်။

 

 

(၂၀၂၃ ခုနှစ်အတွင်း ဗြိတိန်တစ်ဝန်းရှိ ရဲစခန်း ၂၃ ခုမှ ရရှိသော အချက်အလက်များအရ ယာဉ်အနည်းဆုံး အစင်းရေ ၂၁၄၀၀၀ သိမ်းယူခဲ့ကြောင်း ဖော်ပြသည်။)


National Scrap Car အဖွဲ့က ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ရဲစခန်း ၄၅ ခုလုံးကို အချက်အလက် တောင်းဆိုခဲ့ရာတွင် တဝက်ခန့်ကသာ အသုံးဝင်သော အချက်အလက်များ ပေးခဲ့ကြသည်။

တွေ့ရှိချက်များအရ အာမခံ မထားခြင်း၊ အခွန်မဆောင်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ခြင်းနှင့် ခိုးယူခံရသော ကားများမှာ အများဆုံး သိမ်းယူခံရကြောင်း တွေ့ရသည်။

Dundee ပြီးလျှင် ယာဉ်အများဆုံး သိမ်းယူခံရသည့်နေရာမှာ West Midlands ဒေသဖြစ်ပြီး ယာဉ်အစင်းရေ ၂၃၂၀၃ သိမ်းယူခံခဲ့ရကာ Greater Manchester ဒေသမှာ အစင်းရေ ၂၂၃၁၇ သိမ်းယူခံခဲ့ရသည်။

National Scrap Car မှ ကားကျွမ်းကျင်ပညာရှင် ဒေါ်ရီပေါ့တာက ပြောသည်မှာ မော်တော်ကားများမှာ ရဲတပ်ဖွဲ့၏ သိမ်းယူခံရပြီးနောက် အချို့မှာ ပိုင်ရှင်လက်သို့ ပြန်လည်ရောက်ရှိပြီး အချို့မှာ လေလံတင် ရောင်းချ ခံရကာ ကျန်ကားများမှာမူ ဖျက်ဆီးခံရကြောင်း ပြောသည်။

“ယာဉ်ရဲ့ အခြေအနေနဲ့ မူလပိုင်ရှင်ကို ဆက်သွယ်လို့ ရမရ ဆိုတာတွေအပေါ် မူတည်ပါတယ်”ဟု သူမက ရှင်းပြသည်။

 

(ခိုးယူခံရသော ကားများနှင့် ယာဉ်တိုက်မှုဖြစ်ကာ ပျက်စီးသွားသော ကားများမှာလည်း သိမ်းယူခံရသည်။)

 

(၂၀၂၃ ခုနှစ်အတွင်း ဗြိတိန်တစ်ဝန်းရှိ ရဲစခန်း ၂၃ ခုမှ ရရှိသော အချက်အလက်များအရ ယာဉ်အစင်းရေ ၂၁၄၀၅၁ သိမ်းယူခဲ့ပြီး ယင်းအနက် ၆ ပုံ ၁ ပုံမှာ သိမ်းယူပြီး မကြာမီ ဖျက်ဆီးခံခဲ့ရသည်။)

 

(အခွန်မဆောင်၊ အာမခံ မထား၊ ယာဉ်မောင်းလိုင်စင် မရှိပါကလည်း ရဲတပ်ဖွဲ့၏ သိမ်းယူခြင်း ခံရနိုင်သည်။)

 

(သိမ်းယူခံရသော ယာဉ်များအနက် ၅ ပုံ ၃ ပုံ (သို့မဟုတ်) ၅၉ ရာခိုင်နှုန်းမှာ ပိုင်ရှင်များထံ ပြန်လည် ရောက်ရှိကြသည်။)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: More than 214k vehicles seized by police forces last year - here's what happens to the vehicles next (dailymail)


 Photo Credit:  dailymail