- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့အရပ်ရှည်ဆုံးလူသားမှာ သူ၏ အရပ်နှင့် ကားအမိုးမလွတ်သောကြောင့် Sunroof မှ ခေါင်းထုတ်ကာ ထီးတစ်ချောင်းကိုင်ထားရင်း ကားမောင်းရ
ကမ္ဘာ့အရပ်ရှည်ဆုံးလူသားမှာ သူ၏ အရပ်နှင့် ကားအမိုးမလွတ်သောကြောင့် Sunroof မှ ခေါင်းထုတ်ကာ ထီးတစ်ချောင်းကိုင်ထားရင်း ကားမောင်းရ
- 508 views
ကမ္ဘာ့အရပ်ရှည်ဆုံးလူသားသည် သူ၏ မယုံနိုင်ဖွယ်မြင့်မားသော အရပ်အမြင့်ကြောင့် ဘဝနေထိုင်မှု ဟန်ပန်များစွာကို အပြောင်းအလဲများ ပြုလုပ်ရမည်ဖြစ်ရာ ကားမောင်းပုံ နည်းလမ်းလည်း အပါအဝင် ဖြစ်သည်။
အရပ် ၈ ပေ ၃ လက်မ မြင့်မားသူ ဆူလ်တန် ကိုဆန်သည် သူ့အရပ်နှင့် ကားအမိုးမလွတ်သောကြောင့် ခေါင်းကို Sunroof မှ အပြင်ထုတ်ကာ နေဒဏ်၊ မိုးဒဏ် ကာကွယ်ရန် လက်တစ်ဖက်မှ ထီးတစ်ချောင်းကိုင်ရင်း ကားမောင်းရသည်။
(ကမ္ဘာ့အရပ်မြင့်ဆုံး လူသား ကားမောင်းနေသော ဗွီဒီယိုဖိုင် လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။ ဓာတ်ပုံ-Instagram/@sultankosen47)
(ဆူလ်တန် ကိုဆန်မှာ အရပ်အလွန်ရှည်သောကြောင့် ခေါင်းကို Sunroof မှ ထုတ်ကာ ကားမောင်းရသည်။ ဓာတ်ပုံ-Instagram/@sultankosen47)
(ဆူလ်တန် ကိုဆန်သည် အချစ်ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် လက်တွဲဖော် တွေ့ကာ ၂၀၁၃ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။ ဓာတ်ပုံ-Getty)
(ဆူလ်တန်နှင့် ဇနီးဖြစ်သူ မာဗီ ဒီဘို။ မာဗီ ဒီဘိုသည် ဆီးရီးယားသူတစ်ဦး ဖြစ်သည်။ ဓာတ်ပုံ-Anadolu-Getty)
မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တွင် တွေ့ရသည်မှာ တူရကီနိုင်ငံသား ဆူလ်တန် ကိုဆန်သည် သီချင်းကျယ်လောင်စွာ ဖွင့်ကာ ခေါင်းကို ကားအမိုးမှ ထုတ်ပြီး ထီးတစ်ချောင်းကိုင်ရင်း ကားမောင်းနေသည်ကို တွေ့ရသည်။
ဆူလ်တန်သည် အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကမ္ဘာ့အရပ်ရှည်ဆုံး လူသားအဖြစ် ဂင်းနက်စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
အရပ်ရှည်သောကြောင့် မိခင်ကြီးအား မီးသီးလဲပေးခြင်း၊ လိုက်ကာဆင်ပေးခြင်းတို့ကဲ့သို့ လုပ်ဆောင်မှုများ အလွယ်တကူ လုပ်နိုင်သော်လည်း အခက်ကြုံရမှုများလည်းရှိကြောင်း ၎င်းက ပြောသည်။
အရပ်အလွန်ရှည်သောကြောင့် ဆူလ်တန်မှာ ကျောင်းပြီးအောင် မတက်နိုင်ခဲ့ဘဲ လယ်လုပ်ကာ မိသားစုအား ကူညီခဲ့ရသည်။
အရပ်အလွန်ရှည်ခြင်း၏ ဒုက္ခမှာ ဤမျှဖြင့် မပြီးသေး။
“ချစ်သူမိန်းကလေးရှာဖို့ တကယ့်ကို အခက်ကြုံရပါတယ်။ သူတို့က ကျွန်တော့်ကို မြင်တာနဲ့ ကြောက်လန့်သွား ကြတယ်”ဟု စံချိန်တင်လက်မှတ် လက်ခံရယူသော အခမ်းအနားတွင် ဆူလ်တန်က ဂင်းနက်စံချိန်အဖွဲ့သို့ ပြောသည်။
“အခုဆိုရင် ကျွန်တော်က နာမည်ကျော်သွားပြီ။ မိန်းကလေးတွေ အများကြီးနဲ့ တွေ့ဆုံနိုင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အိပ်မက်က အိမ်ထောင်ပြုဖို့ပါပဲ။”
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း မာဗီ ဒီဘိုနှင့် လက်ထပ်ခဲ့ပြီး သူ၏ အိပ်မက် အကောင်အထည် ပေါ်သွားခဲ့သည်။
မာဗီ၏ အရပ်မှာ ၅ ပေ ၉ လက်မ ဖြစ်သည်။
ဂင်းနက်စံချိန် မှတ်တမ်းဝင်ပြီးနောက်ပိုင်း ဆူလ်တန်သည် ၂၀၁၆ ခုနှစ်တွင် Achieving the Impossible အမည်ရှိ ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။
(ဆူလ်တန်နှင့် ကမ္ဘာ့အရပ်ပုဆုံး အမျိုးသမီးတို့ကို အတူတွေ့ရပုံ။ ဓာတ်ပုံ-Getty)
(ဆူလ်တန်နှင့် အရပ် ၂ ပေသာရှိသော အရပ်အပုဆုံး အမျိုးသမီး Jyoti Amge တိုကို အတူတွေ့ရပုံ။ ဓာတ်ပုံ-EPA)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Watch as world’s tallest man Sultan Kosen has to drive with his head out of his SUNROOF & holding a brolly to stay dry (thesun)
Photo Credit: Getty, Instagram / @sultankosen47, EPA