ပြိုင်ပွဲများတွင် ဆုရခဲ့သည့်ကားများအပါအဝင် ပြိုင်ကားများ အငြိမ်းစားယူသည့် လျှို့ဝှက်ကျေးရွာ

  • 204 views

အငြိမ်းစားကျေးရွာဟု အမည်ပေးထားသော နေရာတွင် တန်ဖိုးကြီး Luxury ပြိုင်ကားများစွာ တပုံတပင် ရှိနေသည်။

အဆိုပါကျေးရွာသည် ဂျာမနီနိုင်ငံ ၊ စတုဂတ်မြို့တွင် တည်ရှိပြီး ပြိုင်ပွဲများတွင် ဆုရခဲ့သော Porsche တန်ဖိုးကြီး ကားများ အပြည့်ရှိနေသည်။

 


(အံ့ဖွယ် အငြိမ်းစားကျေးရွာတွင် အထင်ကရ Porsche ကားများကို အစီအရီ တွေ့ရသည်။ ဓာတ်ပုံ-Porsche)

 

(အံ့ဖွယ်ကျေးရွာမှာ စတုဂတ်မြို့တွင် တည်ရှိသည်။ ဓာတ်ပုံ-Porsche)

 

 

အငြိမ်းစားကျေးရွာတွင် 959 တစ်စင်း၊ အစောပိုင်း Gmund မှသည် နောက်ပိုင်းမျိုးဆက်ဖြစ်သော Carrera 2 အထိ 356 အချို့ကို တွေ့ရသည်။ 

ထိုကားအားလုံးသည် Le Mans ပြိုင်ပွဲတွင် ပါဝင်ခဲ့ဖူးကြောင်း Classic Driver က ဖော်ပြသည်။

Porsche 911 မော်ဒယ်များလည်း တွေ့ရသည်။

အဆိုပါမော်ဒယ်သည် ၁၉၉၉ ခုနှစ်က စစ်တမ်းကောက်ယူခဲ့သော ရာစုနှစ်၏ အကောင်းဆုံးကား စစ်တမ်းတွင် ပဉ္စမနေရာ၌ ရပ်တည်ခဲ့သည်။

အငြိမ်းစားကျေးရွာတွင် 904 GTS တစ်စင်းနှင့် 962 တစ်စင်းလည်း ရှိသည်။

ထိုကားကို ဗြိတိန် ဂန္ထဝင် ပြိုင်ကားမောင်းသမား Derek Bell တချိန်က မောင်းနှင်ခဲ့ဖူးသည်။

ထို့အပြင် 919 Hybrid တစ်စင်းလည်း ရှိပြီး F1 ပြိုင်ကားမောင်း ထိပ်သီး Nico Hulkenberg ၏ အနှစ်သက်ဆုံး ဖြစ်သည်။

“ကားတွေက တကယ့်ကို အော်ရီဂျင်နယ် အနေအထားအတိုင်းရှိနေသေးတယ်။ ဂျီနီဖာ ကားပြပွဲကနေ အခုမှ ပြန်ရောက်လာသလို (ဒါမှမဟုတ်) ကားပြိုင်ပွဲတွေကနေ ခုမှ ပြန်ရောက်လာသလို အသစ်အတိုင်း ရှိပါသေး တယ်”  ဟု ဓာတ်ပုံဆရာ Remi Dargegen က ပြောသည်။

“နေ့တိုင်း ကားတွေရောက်လာတယ်။ ဒါမှမဟုတ် ကမ္ဘာတဝန်းက ပြပွဲတွေ၊ ပြိုင်ပွဲတွေဆီကို သွားနေကြတယ်။”

“စက်မနှိုးဘဲ မူရင်းအတိုင်း ထိန်းသိမ်းထားတဲ့ ကားတွေထဲမှာ 1971 Le Mans လည်း ပါဝင်ပါတယ်။ သူ့ရဲ့ မဂ္ဂနီဆီယမ် ကိုယ်ထည်က ကျိုးကြေနေပါပြီ။ အင်ဂျင်ကတော့ ပန်းဝင်ခဲ့ပြီးနောက်ပိုင်းကတည်းက စက်ရပ်ထား ခဲ့တယ်။”

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Inside the secret sportscar ‘retirement village’ filled with hundreds of major brand’s iconic race-winning motors (thesun)

 Photo Credit:  Porsche