Lamborghini လမ်းကြုံစီးခြင်း

  • 266 views


တခါက လယ်သမားကြီးတစ်ဦးရှိ၏။

တနေ့တွင် မြို့သို့သွားရင်း ထီလက်မှတ်တစ်စောင်ဝယ်ခဲ့ပြီး ရက်အနည်းငယ်ကြာသောအခါ အဆိုပါထီမှ Lamborghini တစ်စင်း ကံထူးလေသည်။
ကားမှာ အလွန်ထူးခြားကာ စတိုင်ကျလှသည်။

လယ်သမားကြီးနှင့် သိကျွမ်းသူတို့က လယ်သမားကြီး၏ ကံထူးမှုကို အလွန်ပင် မနာလိုဖြစ်နေကြ၏။

လယ်သမားကြီးမှာ ကားသစ်ကြီး စီးရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်လျက်ရှိသည်။

ကားစက်သံကို ကြားရလျှင် လယ်သမားကြီး ကြက်သီးထမိသည်။
သို့သော် သူ၏ ပျော်ရွှင်မှုမှာ ကြာရှည်မခံ။

၎င်းနေထိုင်သောဒေသတွင် လမ်းများမကောင်းသောကြောင့် ကားမောင်းရခြင်းမှာ မကြာခဏ အခက်ကြုံရသည်။

ချိုင့်ကျင်းများ ပြည့်နှက်နေသော လမ်းများပေါ်တွင် ကားမောင်းရသော ဒုက္ခကို လယ်သမားကြီး စိတ်ပျက်လာသည်။

သူ၏ မိတ်ဆွေများကလည်း အသုံးမကျသော ကားဖြစ်ကြောင်းပြောကာ လှောင်ပြောင်ကြသည်။

ထိုကားကို ရောင်းလိုက်ရန်လည်း အမြဲပြောနေကြသည်။

ဤကားထက် ထွန်စက်ကမှ ပိုမိုကောင်းမွန်ဦးမည်ဖြစ်ကြောင်း လှောင်ပြောင်ကြ၏။

ထိုသို့ အမြဲလှောင်ပြောင်နေမှုများကြောင့် လယ်သမားကြီးမှာ စိတ်ပျက်လာသည်။

သို့နှင့် ကားဂိုဒေါင်ထဲတွင် ရက်အနည်းငယ်ပစ်ထားလိုက်သည်။

သို့သော် သူ့စိတ်နှလုံးတွင် ဤကားအကြောင်းသာ စိုးမိုးနေသည်။

သူ၏ Lamborghini တွင် ကောင်းသည့်အချက် ရှိလိမ့်ဦးမည်ဟု စိတ်ထဲတွင် ခံစားနေရသည်။

သူ၏ အသိစိတ်က ကားကိုရောင်းချရန် တိုက်တွန်းနေသော်လည်း နှလုံးသားကမူ လက်မခံချေ။

ခေါင်းမာသော လယ်သမားကြီးသည် ကား၏ တန်ဖိုးအစစ်အမှန်ကိုသိရန် ကြိုးစားမည်ဟု ဆုံးဖြတ်ကာ ကားကို ထုတ်မောင်းလာခဲ့သည်။

ပထမတွင် ရွှံ့ထူသောလမ်း၌ မောင်းရသည်။

ဗွက်နစ်ပါက ကားတွန်းပေးရန်အတွက်လည်း အခင်ဆုံးသူငယ်ချင်းများကို ခေါ်လာခဲ့သည်။

လမ်းမှာ အလွန်ဆိုးရွားသောကြောင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဗွက်များတွင် နစ်ခဲ့သည်။

သူ၏ သူငယ်ချင်းများက လက်လျှော့ရန် ပြောသော်လည်း လယ်သမားကြီးက အလျှော့မပေး။

ဤကားကို အဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်သောအခါ လူတစ်ဦး ကားတားနေသည်ကို တွေ့လိုက်ရ၏။

လယ်သမားကြီးက ကားပေါ်သို့ တက်ရန် ခွင့်ပြုခဲ့သည်။

ထိုသူက ပြောသည်မှာ Lamborghini စီးဖူးရန်မှာ မိမိ၏ အိပ်မက်ဖြစ်ကြောင်း ပြောကာ လယ်သမားကြီးအား ကျေးဇူးအလွန်တင်ကြောင်း ပြောခဲ့သည်။

ယင်းနောက် ၎င်းတို့နှစ်ဦး ထွေရာလေးပါး ပြောဆိုခဲ့ကြသည်။

ထိုသူကားပေါ်မှ ဆင်းသွားချိန်တွင် Lamborghini ကားပေါ်တွင် လိုက်ပါစီးနင်းခွင့်ပြုသောကြောင့် ကျေးဇူးတင်သည့်အနေဖြင့် ငွေအချို့ ပေးခဲ့သည်။

လယ်သမားကြီးက လက်မခံသော်လည်း ထိုသူက အတင်းပေးသွား၏။
ထိုအခိုက်အတန့်တွင် လယ်သမားကြီး၌ စိတ်ကူးတစ်ခု ပေါ်လာသည်။

ယင်းစိတ်ကူးကား သူ၏ Lamborghini ကို ချမ်းသာသူများထံ အခကြေးငွေဖြင့် အငှားချထားရန် ဖြစ်သည်။

ထိုအချိန်သည် လယ်သမားကြီး၏ ကားနှင့် သူ၏ ခံစားချက်ကို အချိုးအကွေ့ဖြစ်စေခဲ့သည့် အချိန်လည်း ဖြစ်သည်။

ဤဖြစ်ရပ်တွင် ရရှိသည့် သင်ခန်းစာမှာ သင်သည် လမ်းမှန်တွင် ရှိရန် လိုအပ်ပြီး လမ်းမှန်သို့ ရောက်ရန်လည်း အချိန်ယူရ ကြောင်း ပြသနေသည်။
သင့်အနေဖြင့် စိတ်ရှည်သည်းခံရန်လည်း လိုအပ်သည်။

လူ့ဘဝတသက်တာတွင် သင်၏ ဘဝကို ပြောင်းလဲစေမည့် အခွင့်အလမ်း အမျိုးမျိုး ကြုံရမည်ဖြစ်ပြီး ထိုအခွင့်အလမ်းများကို အသုံးချရမည့်သူမှာ သင်သာ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The Lamborghini Ride (nikkistalk)