• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မက်မွန်မြေမှ ခမ်းနားသောအိပ်မက်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) ကားဘက်ထရီအရည်များကိုသောက်ပြခဲ့သူ၊ ဝင်ရောက်ခြေချရာ နယ်ပယ်တိုင်းတွင် နှစ်အနည်းငယ်မျှဖြင့် ထိပ်ဆုံးရောက်သူ၊ ဆင်းရဲနုံချာသောဘဝမှသည် တစ်တိုင်းပြည်လုံး၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦး အကြောင်း

မက်မွန်မြေမှ ခမ်းနားသောအိပ်မက်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) ကားဘက်ထရီအရည်များကိုသောက်ပြခဲ့သူ၊ ဝင်ရောက်ခြေချရာ နယ်ပယ်တိုင်းတွင် နှစ်အနည်းငယ်မျှဖြင့် ထိပ်ဆုံးရောက်သူ၊ ဆင်းရဲနုံချာသောဘဝမှသည် တစ်တိုင်းပြည်လုံး၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦး အကြောင်း

  • 384 views


ယခုဖော်ပြမည့် အကြောင်းအရာများမှာ ကားဘက်ထရီအရည်များကိုသောက်ပြခဲ့သူ၊ ဝင်ရောက်ခြေချရာ နယ်ပယ်တိုင်းတွင် နှစ်အနည်းငယ်မျှဖြင့် ထိပ်ဆုံးရောက်သူ၊ လက်သမားဆရာတစ်ဦး၏သား၊ ဆင်းရဲနုံချာ သောဘဝမှသည် တတိုင်းပြည်လုံး၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦး အကြောင်း ဖြစ်ပါသည်။

ကမ္ဘာကျော်သူဌေးကြီး Warren Buffet  ၏ လက်ရုံးတဆူဖြစ်သူ Charlie Munger သည် တခါက တရုတ်ပြည်မှ လုပ်ငန်းရှင်တစ်ဦးအပေါ် ဤသို့ ချီးမွမ်းထောပနာပြုခဲ့ဖူးသည်။

“ဒီလူဟာ သောမတ်စ် အက်ဒီဆင်နဲ့ ဂျက်ခ် ဝဲ့ချ် (Jack Welch) တို့ ၂ ယောက်ပေါင်းထားသလိုပဲ။ သူဟာ အက်ဒီဆင်လို ပြဿနာတွေ ဖြေရှင်းနိုင်ပြီး ဝဲ့ချ်လိုမျိုး အထမြောက်အောင်မြင်အောင် စွမ်းနိုင်သူပဲ။ ကျွန်တော် တော့ သူ့လိုလူ တခါမှ မတွေ့ဖူးသေးဘူး”

(မှတ်ချက်။ Jack Welch မှာ ကမ္ဘာကျော် General Electric ကုမ္ပဏီကြီး၏ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ ဖြစ်သည်)

Warren Buffet အလေးစားဆုံး CEO ၄ ဦးတွင် ထိုသူ ပါဝင်နေသည်။ အခြား ပုဂ္ဂိုလ် ၃ ဦးမှာ Facebook မှ Mark Zuckerberg၊ Apple ၏ CEO ဖြစ်သူ Tim Cook နှင့် ဆေးဝါးအရောင်းဆိုင်အုပ်စုကြီး Rite Aid ၏ CEO ဖြစ်သူ Donigan တို့ဖြစ်သည်ဟု ဆိုသည်။

ထိုသူ၏ ဘဝကို ခရေစေ့တွင်းကျ လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။

● ထိုသူသည် ဘက်ထရီထုတ်လုပ်မှု နယ်ပယ်သိို့ ဝင်ရောက်ခဲ့ရာ ၃ နှစ်အတွင်း တရုတ်ပြည်၏ ထိပ်သီး ဥသျှောင် ဖြစ်လာခဲ့သည်။

● ကားထုတ်လုပ်မှုနယ်သို့ ဝင်ခဲ့ပြန်ရာတွင် ၃ နှစ်အတွင်း ပြည်တွင်း တန်ဖိုးသင့်ကားများ ထုတ်လုပ်မှုကဏ္ဍတွင် နံပါတ် ၁ ဖြစ်ခဲ့ပြန်သည်။

● ယင်းနောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍသို့ ထပ်မံဝင်ရောက်ခဲ့ရာ တစ်ကမ္ဘာလုံးတွင် လျှပ်စစ်ကား လောက၌ ထိပ်သီးအဖြစ်သို့ ရောက်ရှိခဲ့သည်။

● နှာခေါင်းစည်း mask များ ထုတ်လုပ်ခဲ့ရာတွင်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာ mask လောက၏ ထိပ်ဆုံးနေရာတွင် ဦးဆောင်ခဲ့သည်။

● ထိုသူသည် မည်သည့်နယ်ပယ်သို့ ခြေချသည်ဖြစ်စေ ထိပ်ဆုံးသို့ လျင်မြန်စွာရောက်ရှိပြီး အဆိုပါကဏ္ဍ၏ ဦးဆောင်ဦးရွက်အဆင့်သို့ ရောက်ရှိခဲ့သည်ချည်းပင်။ 

Charlie Munger နှင့် Warren Buffet တို့ လွန်စွာ အထင်ကြီးလေးစားနေသူ………။

ထိုသူမှာ မည်သူနည်း။

ယနေ့ဆောင်းပါးတွင် ရိုးရိုးကုပ်ကုပ်နေတတ်သော်လည်း အံ့မခန်းအိပ်မက်များကို လက်တွေ့ဖြစ်လာအောင် အကောင်အထည် ဖော်နိုင်ခဲ့သူ ထိုသူ၏အကြောင်းကို အနည်းငယ် လေ့လာကြည့်ကြပါစို့။

ထိုသူ၏ အမည်ကား ဝမ်ချန်းဖူဟု အမည်ရသည်။

ဝမ်ချန်းဖူသည် ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၎င်း၏အကြောင်းရေးသားကြသည့် ဆောင်းပါးများ၊ စာအုပ်များ တွင် ၁၉၇၉ ခုနှစ်မှစတင်ကာ သူ့ဘဝဇာတ်ကြောင်းကို ရေးသားဖော်ပြကြ၏။

၁၉၇၉ ခုနှစ်တွင် ဝမ်ချန်းဖူသည် ၁၃ နှစ်သားအရွယ်ဖြစ်ပြီး တရုတ်ပြည်၊ အန်းဟွေ့ပြည်နယ်၊ ဝူဝေးခရိုင်ရှိ ဝူမင်းကျောင်းတွင် ၅ တန်းတက်ရောက်နေ၏။

ဖခင်ဖြစ်သူမှာ လက်သမားဆရာတစ်ဦးဖြစ်ပြီး အသဲကင်ဆာရောဂါ ကာလတာရှည်ခံစားခဲ့ရပြီး ကွယ်လွန်သွား ခဲ့သည်။

ဝမ်းချန်းဖူတို့ မွေးချင်း ၈ ဦးရှိပြီး ဖခင်ကြီးကွယ်လွန်ချိန်တွင် ဟောင်းနွမ်းယိုယွင်းနေသော အခန်း ၃ ခန်းပါ အိမ်တစ်လုံးသာ အမွေအဖြစ် ကျန်ရစ်ခဲ့သည်။

ဝမ်ချန်းဖူတို့ မိသားစု မြင့်မိုရ်တောင်ကြီး ပြိုလဲလေပြီ။

မိခင်ကြီးမှာ မိသားစု စားရေးသောက်ရေးအတွက် အနိုင်နိုင်ရုန်းကန်ခဲ့ရသည်။

အစ်မများမှာလည်း တစ်ဦးပြီးတစ်ဦး အိမ်ထောင်ပြုသွားကြ၏။ သူ့အထက် အသက် ၁၈ နှစ်အရွယ် အစ်ကိုမှာ ကုန်အရောင်းအဝယ်လုပ်ရန် ကျောင်းထွက်လိုက်သည်။ အငယ်ဆုံး ညီမကလေးကိုမူ မကျွေးမွေးနိုင်တော့ သောကြောင့် အခြားသူထံ မွေးစားရန် ပေးလိုက်ရသည်။

ဤသည်ကား ဝမ်ချန်းဖူ ဘဝ၏ ပထမ စာမျက်နှာများပင်တည်း။

မိသားစုအတွက်နှင့် မိမိကိုယ်တိုင်အတွက် ဘဝပြောင်းလဲနိုင်စေရန် အခြားကလေးများထက် စာကို ပိုမိုကြိုးစား ခဲ့သည်။

ဝမ်ချန်းဖူက အသက်မွေးဝမ်းကျောင်းပညာကျောင်းတစ်ခုသို့ တက်ကာ ထမင်းမငတ်စေမည့် အလုပ်တခုဖြင့် မိခင်ကြီးနှင့် ညီအစ်ကိုများအတွက် တည်ငြိမ်သည့်ဘဝမျိုးပေးနိုင်ရန် ကြိုးစားမည်ဟု အခိုင်အမာဆုံးဖြတ် ထားသည်။

သို့သော် ကံကြမ္မာက ဝမ်ချန်းဖူကို မျက်နှာသာမပေး။

အလုပ်ပင်ပန်းသည့်ဒဏ်၊ ဘဝကြမ်းတမ်းမှုဒဏ်တို့ကြောင့် မိခင်ကြီးမှာ ဆုံးပါးသွားပြန်သည်။

ဝမ်ချန်းဖူ အလယ်တန်း စာမေးပွဲဖြေနေချိန်တွင် မိခင်ကြီး ဆုံးသည့်သတင်းကြားလိုက်ရခြင်း ဖြစ်၏။

ဝမ်ချန်းဖူသည် ထိတ်ထိတ်ပြာပြာဖြင့် အိမ်သို့ ပြန်ပြေးလာခဲ့ရာ ဘာသာရပ် ၂ ခုမဖြေဆိုလိုက်ရ။

ဝမ်ချန်းဖူအတွက် ဘဝမှာ ပိုမိုခက်ခဲကြမ်းတမ်းလာခဲ့ပြီ ဖြစ်သည်။

အသက် ၁၅ နှစ်အရွယ်တွင် ဝမ်ချန်းဖူမှာ မိဘမဲ့တစ်ဦးဖြစ်သွားရုံမျှမက သူ၏ အနာဂတ်မှာလည်း ဝေဝါးကာ မှောင်အတိကျသွားပြီ ဖြစ်သည်။

မိခင်ကြီး ဆုံးသွားပြီးနောက် ဝမ်ချန်းဖူ၏ တာဝန်အရပ်ရပ်မှာ အစ်ကိုကြီးဖြစ်သူ၏ ပုခုံးပေါ်သို့ ရောက်၏။

 

 

သို့သော် အစ်ကိုကြီးမှာ အိမ်ထောင်ကျစဖြစ်ပြီး မိသားစုဘဝတစ်ခု ထူထောင်နေချိန်ဖြစ်ရာ ဝမ်ချန်းဖူက အစ်ကိုနှင့် မရီးအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလို။

ထို့ကြောင့် ကျောင်းထွက်ပြီး အလုပ်လုပ်ကာ မိမိဘာသာသီးခြားရပ်တည်နေထိုင်မည်ဟု အစ်ကိုကြီးကို ပြောခဲ့သည်။

ထိုအခါ အစ်ကိုကြီးနှင့် မရီးတို့က ဝမ်ချန်းဖူကို အကြီးအကျယ် ဆူပူကြိမ်းမောင်းခဲ့၏။

မိသားစုနှင့် ခွဲနေမည့်စကားကို လက်မခံ။

ကျောင်းစာကိုသာ အာရုံစိုက်ရန်နှင့် အခြားမည့်သည့်ကိစ္စမှ ခေါင်းထဲထည့်မထားရန် ပြောခဲ့ကြသည်။

ဝမ်ချန်းဖူလည်း ဝမ်းမြောက်စွာဖြင့် မျက်ရည်များကိုသုတ်ရင်း သူ၏အိတ်ကို သယ်ယူကာ ဝူဝေ ကျောင်းသို့ တက်ရောက်ခဲ့သည်။

အစ်ကိုကြီးနှင့် မရီးတို့မှာ သူတို့၏ လုပ်ငန်းငယ်လေးကို ကြိုးကြိုးစားစားလုပ်ကြရသည်။

ထိုအချိန်က တရုတ်အာဏာပိုင်တို့က ဈေးကစားခြင်းနှင့် အမြတ်ကြီးစားလုပ်ခြင်းတို့ကို အပြင်းအထန် အရေးယူနေချိန်ဖြစ်ရာ လုပ်ငန်းရပ်တည်နိုင်ရန် မနည်းရုန်းကန်ခဲ့ရသည်။

အညွန့်တလူလူ ဖြစ်လာနေသော ညီငယ်လေး၏ ပညာရေးအတွက် အစ်ကိုကြီးတို့ ဇနီးမောင်နှံမှာ တစ်ပတ် လျှင် ၁၀ ယွမ် ကျစ်ကျစ်ပါအောင် စုထားကြရသည်။

ဝမ်ချန်းဖူ အထက်တန်းကျောင်းသို့ရောက်ပြီး ဒုတိယနှစ်တွင် သူတို့မိသားစု၏ ယိုယွင်းပျက်စီးနေသော အိမ်ကလေးမှာ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ပြိုကျသွားရာ ဆင်းရဲနွမ်းပါးသော မိသားစုအတွက် ဆင်းရဲတွင်း ပိုနက်သွားစေခဲ့သည်။

ဝမ်ချန်းဖူ အိမ်သို့ပြန်ရောက်ချိန်တွင် မရီးဖြစ်သူမှာ နောက်ထပ်တစ်ပတ်တာအတွက် အိမ်သုံးစရိတ် မရှိတော့ ချေ။

သို့နှင့် မရီးဖြစ်သူသည် တစ်အိမ်ဆင်းတစ်အိမ်တက် ငွေလိုက်ချေးရာ ၄ ယွမ်ကျော်ကျော်မျှသာ ရရှိရာ အလွန် ခက်ခဲသော ကာလတစ်ခု ဖြစ်ခဲ့သည်။

ထိုသို့သော ဘဝအခြေအနေများကြောင့် ပညာရေးသာလျှင် မိမိ၏ ဘဝကို ပြောင်းလဲစေနိုင်မည်ဟု ဝမ်ချန်းဖူ သဘောပေါက်လာသည်။
ဝမ်ချန်းဖူ၏ ဝီရိယကောင်းမှုနှင့် ထက်မြက်မှုတို့ကို သူ၏ဆရာများက လွန်စွာသဘောကျသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီတွင် ဝမ်ချန်းဖူမှာ နောက်ဆုံးပန်းတိုင်နီးမှ လဲပြိုကျမလို ဖြစ်ခဲ့ရသေးသည်။

အစမ်းစာမေးပွဲတွင် အဖြေလွှာတစ်ခု မဖြေနိုင်ခဲ့။ ထိုအချိန်က စည်းမျဉ်းများအရ အစမ်းစာမေးပွဲ အောင်မြင်သူ များသာ ကောလိပ်စာမေးပွဲ ဖြေခွင့်ရကြပြီး အစမ်းစာမေးပွဲကျသောကြောင့် ဝင်ခွင့်မရသူ ပမာဏမှာ ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ကာ ၄၀ ရာခိုင်နှုန်းခန့်သာ အစမ်းစာမေးပွဲအောင်ကြသည်။

ဝမ်ချန်းဖူမှာ အဖြေလွှာတစ်ခု မဖြေဆိုခဲ့သည့်တိုင် ၄၀ ရာခိုင်နှုန်းထဲတွင် ပါဝင်ခဲ့ပြီး အစမ်းစာမေးပွဲ အောင်မြင် သွားခဲ့သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲတွင်လည်း ဝမ်ချန်းဖူမှာ အံ့ဖွယ်အရည်အချင်း ပြနိုင်ခဲ့ပြန်သည်။

ဝူဝေအထက်တန်းကျောင်း၏ သိပ္ပံတန်းမှ ကျောင်းသားကျောင်းသူများအနက် အထင်ကရတက္ကသိုလ်ကြီး တစ်ခုသို့ တက်ခွင့်ရခဲ့သည့် တစ်ဦးတည်းသော ကျောင်းသားဖြစ်ခဲ့ပြီး သူ၏ ရွာသားများက ဝမ်ချန်းဖူအတွက် နှစ်ပေါင်းများစွာ ဂုဏ်ယူလျက်ရှိကြသည်။

ထိုအချိန်တွင် ဝမ်ချန်းဖူမှာ ၁၇ နှစ်သားအရွယ်ရောက်နေပြီဖြစ်ပြီး အချိန်ကား ၁၉၈၃ ခုနှစ် ဖြစ်သည်။

ဝမ်ချန်းဖူသည် ကနဦးတွင် ဟီဖေ နည်းပညာတက္ကသိုလ် (Hefei University of Technology) တွင် ရေဒီယို မေဂျာကို လျှောက်ထားခဲ့သော်လည်း ဝင်ခွင့်မရခဲ့။

တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်၏မြို့တော် ချန်ရှားမြို့ရှိ သတ္တုတူးဖော်ခြင်းနှင့် သတ္တုဗေဒတက္ကသိုလ် (Central South University of Mining and Metallurgy) တွင် သတ္တု ရူပဓာတုမေဂျာဖြင့် တက်ရောက်ခဲ့ သည်။

ဝမ်ချန်းဖူ တက္ကသိုလ်ဝင်ခွင့်ရခြင်းအပေါ် အစ်ကိုကြီးနှင့် မရီးတို့ကလည်း အလွန်ပျော်နေကြသည်။

၎င်းတို့ မင်္ဂလာဆောင်ချိန်က ရရှိထားသော တန်ဖိုးအရှိဆုံး မင်္ဂလာဦးလက်ဖွဲ့ ပစ္စည်းဖြစ်သော ရှန်ဟိုင်းတံဆိပ် လက်ပတ်နာရီကိုပင် ဝမ်ချန်းဖူအား ဆုချသည့်အနေဖြင့် ပေးခဲ့သည်။

ယင်းနောက် တက္ကသိုလ်တက်မည့် ညီငယ်လေးနှင့် နီးနီးနားနားနေထိုင်နိုင်ရန် ၇၅၀ ကီလိုမီတာ အထိ ဝေးကွာ လှသော ချန်ရှားမြို့သို့ အိမ်ပြောင်းခဲ့ကြပြီး တက္ကသိုလ်အနီးတွင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခဲ့ သည်။

ဝမ်ချန်းဖူသည် တက္ကသိုလ်သို့ ရောက်ချိန်တွင် သူ၏ မြို့တွင် နေခဲ့စဉ်ထက် ဖော်ဖော်ရွေရွေရှိလာသည်။

သူ၏ မြို့တွင်မူ ဝမ်ချန်းဖူအား အများက ကိုတေမိဟု နာမည်ပေးထားကြသည်။

ကောလိပ်တွင် ဝမ်ချန်းဖူသည် ကပွဲများ၌ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အကဆရာကြီးဟုပင် နာမည်ကြီးခဲ့သည်။

ကျောင်းပိတ်ရက်တိုင်း လက်တွေ့ဆင်းရခြင်း၊ ကျောင်းစာလေ့လာရခြင်း မရှိပါက အစ်ကိုနှင့် မရီးတို့၏ ဆိုင်ကို ဝိုင်းဝန်းကူညီပေးသည်။

ဝမ်ချန်းဖူ တက်ရသောကျောင်းမှာ နီစွင့်စွင့် ရေခဲဖုံး သစ်ရွက်တို့၏ အလှဖြင့် နာမည်ကြီးသော ရွဲ့လူ တောင်အောက်တွင် တည်ရှိပြီး ထိုကျောင်းတွင် ၄ နှစ်တက်ခဲ့ရသော်လည်း နာမည်ကျော် တောင်ထိပ်သို့ တက်ရောက်ကြည့်ရှုရန် မအားလပ်ခဲ့။

၁၉၈၇ ခုနှစ်တွင် ဝမ်ချန်းဖူသည် ‘သံဓာတ်မပါသော သတ္တုများဆိုင်ရာ ပေကျင်း အထွေထွေသုတေသန သိပ္ပံ’ တွင် ဘွဲ့လွန်ဆက်လက်တက်ရောက်ရန် ထောက်ခံချက်ရခဲ့သည်။

ဝမ်ချန်းဖူအား ကြီးကြပ်သူက သူ၏ အရည်အချင်းကို အသိအမှတ်ပြုခဲ့ပြီး နောင် ၃ နှစ်အကြာတွင် ရာထူး နေရာတစ်ခု ကမ်းလှမ်းခဲ့သည်။

ဝမ်ချန်းဖူက ထိုအလုပ်ကို လက်ခံခဲ့ပြီး မကြာမီတွင်ပင် သူ၏ သုတေသန အောင်မြင်မှုများကြောင့် သံဓာတ် မပါသော သတ္တုများ လေ့လာရေး အင်စတီကျူ (Nonferrous Metals Research Institute-NMRI) ၏ လက်ထောက်ဒါရိုက်တာအထိ ရာထူးတိုးမြင့်ပေးခြင်း ခံရပြီး လုပ်ငန်းအားလုံးကို ကွပ်ကဲရသူ ဖြစ်လာသည်။

လက်ထောက် ဒါရိုက်တာ ရာထူးသာဖြစ်သော်လည်း ဒါရိုက်တာနည်းတူ တန်းတူ အခွင့်အာဏာ ရရှိထားသည်။

ထိုအချိန်တွင် ဝမ်ချန်းဖူဟာ အသက် ၂၆ နှစ်သာရှိသေးပြီး ထိုအင်စတီကျူတစ်ခုလုံးတွင် အသက်အငယ်ဆုံး အကြီးအကဲတစ်ဦး ဖြစ်လာခဲ့ကာ သူ၏ အနာဂတ်မှာလည်း ရွှေရောင်လင်းလက်လျက် ရှိသည်။

ဝမ်ချန်းဖူသည် တက္ကသိုလ်အုပ်ချုပ်ရေးပိုင်း တာဝန်များအပြင် ပါရဂူတန်းနှင့် မဟာတန်းကျောင်းသားတို့အား Guide ပေးသည့် တွဲဖက်ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

သူ၏ အိပ်မက်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်လာရန် ၊ သိပ္ပံဆိုင်ရာစာတမ်းများ ရေးသားကာ သူ၏ academic standing အဆင့်မြင့်တက်လာရန်နှင့် နောက်မျိုးဆက်အား ပညာသင်ကြားပေးရန်တို့ ဖြစ်သည်။

ယင်းနောက် ဝမ်ချန်းဖူသည် အိမ်ထောင်ပြုခဲ့ပြီး လက်ထပ်ပြီးစ ဘဝ၏ သာယာချိုမြိန်မှုများဖြင့် ဖြတ်သန်းနေသည်။

အခြေအနေတစ်ရပ်သာ ပေါ်ပေါက်မလာပါက ဝမ်ချန်းဖူသည် ယခု ဖြတ်သန်းမှုအတိုင်း အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် ဘဝကို ဆက်လက်ဖြတ်သန်းသွားခဲ့ဖွယ်ရှိသည်။

သို့သော် ထိုသို့သော သာမန်ပျော်ရွှင်မှုမျိုးသည် သာမန်လူများအတွက်သာဖြစ်ပြီး တမူထူးသော ပုဂ္ဂိုလ်များအတွက် မဟုတ်ချေ။

၁၉၉၃ ခုနှစ်တွင် NMRI သည် စီမံကိန်းတစ်ခုကို Baosteel Group နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ရာ ရှန်ကျန်းမြို့ တွင် နီကယ်-ဟိုက်ဒရိုဂျင် ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ရေးလည်း အပါအဝင် ဖြစ်သည်။

အဆိုပါစက်ရုံတည်ထောင်မှုကို ကြီးကြပ်ရန် ဝမ်ချန်းဖူကို စေလွှတ်ခဲ့သည်။

ထိုကုမ္ပဏီကို “Big Power Nickel-Hydrogen Battery Co., Ltd” ဟု အမည်ပေးခဲ့ပြီး ဝမ်ချန်းဖူကို အထွေထွေ မန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည်။

 

Baosteel ကုမ္ပဏီဘက်မှ လက်ထောက်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်မည့် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့သည်။

ဝမ်ချန်းဖူက သူ၏ အတန်းဖော် ယန်းလုံကျုံး (Yang Longzhong) ကို မားကက်တင်း မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ရန် ခေါ်ယူခဲ့သည်။

တိန့်ရှောင်ဖိန်၏ တရုတ်ပြည်တောင်ပိုင်းခရီးစဉ်အပြီး တစ်နှစ်အကြာ ထိုအချိန်ထိုကာလက ရှန်ကျန်းသည် ပေကျင်းနှင့် အလွန်ကွဲပြားနေပြီဖြစ်ပြီး တောက်ပစိုလွင်ကာ ပျားပန်းခတ်သက်ဝင်လှုပ်ရှားနေသော နေရာဖြစ် နေပြီ ဖြစ်သည်။

ရှန်ကျန်းသို့ ရောက်လာချိန်တွင် ဝမ်ချန်းဖူမှာ ထိုအရပ်၏ ပြင်းထန်သော ဈေးကွက်ရေစီး၏ ဖမ်းစားခံလိုက်ရသည်။

သိပ္ပံပညာရှင်တစ်ဦးဖြစ်လိုခဲ့သည့် သူ့အိပ်မက်တို့မှာ မှေးမှိန်သွားပြီး စီးပွားရေးနယ်သို့ ဝင်ရောက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာနေပြီ ဖြစ်၏။

ပြိုင်ဆိုင်မှုပြင်းထန်သော တရုတ်ပြည်တောင်ပိုင်းတွင် များစွာသောသူတို့မှာ ကြီးမားလှသော လက်ကိုင်ဖုန်းကြီး များ သုံးနေပြီး ဈေးနှုန်းမှာ အလွန်များပြားကာ ယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးကြရသည်ကို ဝမ်ချန်းဖူ သတိပြုမိခဲ့သည်။

ဖုန်းအတွင်းမှ နီကယ်-ကက်ဒ်မီယံဘက်ထရီငယ်လေး၏ ဈေးနှုန်းသည်ပင် ယွမ်ထောင်နှင့်ချီ၍ ပေးရသည်။

ဘက်ထရီများသည် ဝမ်ချန်းဖူ၏ သုတေသနအထူးပြုနယ်ပယ်ဖြစ်ရာ ဤအချက်က သူ၏စိတ်ကို နှိုးဆော်ပေးခဲ့သည်။

၁၉၉၄ ခုနှစ်အတွင်း ဝမ်ချန်းဖူသည် နိုင်ငံတကာဘက်ထရီလုပ်ငန်းလားရာနှင့် စပ်လျဉ်းပြီး သတင်းတစ်ပုဒ် ဖတ်မိသည်။

ထိုသတင်းမှာ ဂျပန်သည် သဘာဝပတ်ဝန်းကျင်အရေး သုံးသပ်မိမှုများကြောင့် သမားရိုးကျ လုပ်ဆောင်လာ သော နီကယ်-ကက်ဒ်မီယံဘက်ထရီနယ်ပယ်မှ ကျောခိုင်းတော့မည်ဟူသော သတင်းပင်။

ထိုအချိန်ထိုကာလက တရုတ်လူ့အဖွဲ့အစည်း၏ နာကျင်ဖွယ်အချက်တစ်ခုမှာ တိုင်းပြည်ဆင်းရဲနေသောကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရပ်များကို ထိပ်တန်းဦးစားပေးနေရာတွင် ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိသည့်အချက် ဖြစ်သည်။

ထိုလုပ်ငန်းနယ်မှ ဂျပန်ထွက်ခွာမှုသည် တရုတ်ပြည်အတွက် အလွန်ကြီးမားသော အခွင့်အလမ်းကြီးတစ်ခု ဖြစ်လာခဲ့သည်။

ဂျပန်၏ မူဝါဒအရွေ့ကြောင့် ကမ္ဘာကြီးမှာ နီကယ်-ကက်ဒ်မီယံဘက်ထရီ၏ ရောင်းလိုအား-ဝယ်လိုအားမျှခြေ သိသာစွာ ခြားနားမှုနှင့် ရင်ဆိုင်ရတော့မည်ကို ဝမ်ချန်းဖူ သုံးသပ်မိခဲ့သည်။

ဤနယ်ပယ်သို့ ဝင်ရောက်နေရာယူနိုင်သူ မည်သူမဆို အနမတဂ္ဂသော စည်းစိမ်ချမ်းသာ ရနိုင်မည့် အခွင့်အလမ်းကြီးပင်။

 

 

ဝမ်ချန်းဖူမှာ အထွေထွေမန်နေဂျာဖြစ်သော်လည်း Big Power မှာ NMRI ၏ လက်အောက်ခံမျှသာဖြစ်ရာ ဤမျှကြီးမားသော ဆုံးဖြတ်ချက်မျိုးကို ချနိုင်မည့် အခွင့်အာဏာမရှိချေ။

ဝမ်ချန်းဖူက နီကယ်-ကက်ဒ်မီယံဘက်ထရီလောကသို့ ဝင်ရောက်ရန် NMRI အား ချက်ချင်းတင်ပြခဲ့သည်။

စိတ်မကောင်းဖွယ်ကောင်းစွာပင် ၁၉၉၀ ပြည့်လွန်ကာများက နိုင်ငံပိုင် လုပ်ငန်းများ၏ တင်းကျပ်သောစနစ် ကြောင့် ဝမ်ချန်းဖူက တင်ပြချက်မှာ အထက်လူကြီးတို့ နားမဝင်နိုင်ခဲ့။

ထိုအချိန်တွင် Big Power ၌ ဆက်လက်တာဝန်ထမ်းဆောင်နေမည်ဆိုပါက ရတနာသိုက်ကြီးသဖွယ်ဖြစ်သော အခွင့်အလမ်းကြီးနှင့် လွဲချော်ရတော့မည်ကို ဝမ်ချန်းဖူ သုံးသပ်မိခဲ့သည်။

ထိုအတွေးက ဝမ်ချန်းဖူကို အကျပ်ရိုက်စေတော့သည်။


(အပိုင်း ၂ -မကြာမီ ဆက်လက်ဖော်ပြသွားပါမည်)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com