- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားနယ်ပယ်မှ ထူးထူးဆန်းဆန်းဖြစ်ရပ်များ
ကားနယ်ပယ်မှ ထူးထူးဆန်းဆန်းဖြစ်ရပ်များ
- 350 views
၁။ ဟင်နရီဖို့ဒ် တံခါးဖြိုချရခြင်း
၁၈၉၆ ခုနှစ်တွင် ဆန်းသစ်တီထွင်သူ အင်ဂျင်နီယာ ဟင်နရီဖို့ဒ်က လေးဘီးဆိုင်ကယ် (The Quadricycle) ဟု အမည်ပေးထားသော သူ၏ ပထမဆုံး မော်တော်ကားကို တီထွင်နိုင်ခဲ့သည်။
အဆိုပါကားကို တီထွင်ခဲ့သည့်နေရာမှာ ဒက်ထရွိုက်မြို့ရှိ သူ၏ နေအိမ်နောက်ဘက်တွင် တည်ရှိသော အိမ်ငယ်ကလေးတွင် ဖြစ်သည်။
ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်လာမည့် ဟင်နရီဖို့ဒ်သည် ဤကား တီထွင်မှုတွင် အတွက်အချက်မှားခဲ့သည်ဟု ဆိုရမည်။
တီထွင်ပြီးစီးသွားသော The Quadricycle မှာ အလုပ်ရုံမှ တံခါးပေါက်အကျယ်ထက် ပိုကြီးနေသည်။
ထို့ကြောင့် ဟင်နရီဖို့ဒ်လည်း ပုဆိန်တစ်လက်ယူပြီး တံခါးဘောင်များကို ဖြုတ်ထုတ်ကာ အုတ်များကို ဖြိုချပြီး ထွက်ပေါက် ချဲ့ထွင်ခဲ့ရသည်။
၂။ ကားဝယ်ထားသည်ကို မေ့နေသော ရော့ခ်ကြယ်ပွင့်
အိုအေစစ်အဖွဲ့ကြီး၏ လိဂ်ဂစ်တာသမား Noel Gallagher သည် အသစ်အတိုင်း ပြန်လည်မွမ်းမံထားသော ဂန္ထဝင်ကားတစ်စီးကို ပေါင် ၁၁၀၀၀၀ ဖြင့် ဝယ်ယူခဲ့မှုအား မေ့လျော့နေခဲ့သည်။
လှပစွာ ပြန်လည်မွမ်းမံထားသော ၁၉၆၇ ခုနှစ်ထုတ် Jaguar Mark II မှာ သူ၏ အိမ်သို့ ထရပ်ကားပေါ်တင်ကာ ရောက်လာချိန်တွင် Noel မှာ ရုတ်တရက် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။
“လှလိုက်တဲ့ကား…ငါ ကားဝယ်ရင် ဒါမျိုးကား ဝယ်ရဦးမယ်” ဟုပင် တွေးနေမိသည်။
ထိုအချိန်တွင် ကားလာပို့သူက အိမ်တံခါးခေါက်ကာ လူကြီးမင်းရဲ့ကား ရပါပြီဟု ပြောလာသည်။
ထိုကားမှာ လွန်ခဲ့သော ၂ နှစ်ခန့်က သူမှာယူထားခဲ့သော ကားဖြစ်သည်။
ကားမွမ်းမံသည့် ကုမ္ပဏီတစ်ခုက ၎င်းအတွက် ကာလကြာရှည် အချိန်ယူကာ ပြန်လည်မွမ်းမံပေးခဲ့ခြင်း ဖြစ်သည်။
ထိုကားကို မှာယူခဲ့ချိန်က ကားအမောင်းသင်ရန် စိတ်ကူးခဲ့သော်လည်း အထမမြောက်ခဲ့။
Noel သည် ထိုကားကို လုံးဝ မမောင်းဖြစ်ဘဲ ယနေ့တိုင် သူ၏ ဂိုဒေါင်ထဲတွင် အသုံးမပြုဘဲ ရှိနေဆဲ ဖြစ်သည်။
၃။ ကမ္ဘာ့အမွှေးအမျှင် အထူဆုံးကား
ကမ္ဘာ့ဂင်းနက်စ် စံချိန် မှတ်တမ်းစာအုပ်အရ ကမ္ဘာ့အမွှေးအမျှင် အထူဆုံးကားအဖြစ် စံချိန်တင်ထားသည်မှာ အီတလီနိုင်ငံ ဆယ်လာနိုမြို့မှ မာရီယာ မတ်ဂ်နို အမည်ရှိ အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သော Fiat 500 ကားဖြစ်သည်။
မာရီယာသည် ဆံသဆရာတစ်ဦး ဖြစ်သည်။
မာရီယာသည် အိန္ဒိယမှ ဆံပင်အိတ်ပေါင်းများစွာ မှာယူခဲ့သည်။
အိန္ဒိယမှ ဆံပင်မှာ ဥရောပဆံပင်တို့ထက် ပိုမိုသန်စွမ်းသည်ဟု မာရီယာက ပြောသည်။
ထို့နောက် မာရီယာက ကော်ကိုအသုံးပြုကာ ထိုဆံပင်များကို စတီယာရင်၊ ဒက်ရှ်ဘုတ်၊ တံခါးများအပါအဝင် ကားအတွင်းအပြင် ကားတစ်စင်းလုံး နေရာအနှံ့လိုက်လံ ကပ်ထားခဲ့သည်။
မာရီယာ၏ အမွှေးထူသော Fiat မှာ လမ်းပေါ်တွင် တရားဝင်မောင်းနှင်ခွင့်ရထားသည်။
၄။ နောက်ကြည့်မှန် စတင်ရာ
၁၉၁၁ ခုနှစ်က ကျင်းပခဲ့သော Indy 500 ကားပြိုင်ပွဲတွင်ဖြစ်သည်။
ထိုခေတ်က ကားပြိုင်ပွဲဝင်သော ကားများတွင် ယာဉ်မောင်းအပြင် စောင့်ကြည့်သူတစ်ဦး ပါလေ့ရှိသည်။
စောင့်ကြည့်သူ၏ တာဝန်မှာ အခြားကားတစ်စင်း နောက်တွင် ကပ်လိုက်လာပြီဟု ယာဉ်မောင်းအား သတိပေးနိုင်ရန် ဖြစ်သည်။
ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကားအစင်း ၄၀ အနက် ၃၉ စင်းတွင် ယာဉ်မောင်းနှင့် စောင့်ကြည့်သူတို့ လိုက်ပါသော်လည်း အစင်း ၄၀ မြောက် ကားတွင်မူ တစ်ဦးတည်းသာ တွေ့ရသည်။
အစင်း ၄၀ မြောက်ကားကို မောင်းနှင်သူ Ray Harroun က ကားကို တစ်ဦးတည်းသာ မောင်းရန် အရဲစွန့် ဆုံးဖြတ်ခဲ့သည်။
Harroun ၏ ကားမှာ အဝါရောင်တောက်တောက်ဖြစ်ပြီး ကိုယ်တိုင်တည်ဆောက်ခဲ့သောကား ဖြစ်သည်။
၎င်းက ကားတွင် စောင့်ကြည့်သူမခေါ်ဘဲ ကားဒက်ရှ်ဘုတ်တွင် ၈ လက်မ× ၃ လက်မ မှန်တစ်ချပ် ထောင်ကာ စမ်းသပ်ထားခဲ့ပြီး ဖြစ်သည်။
အဆိုပါမှန်သည် ကားတွင်အသုံးပြုခဲ့သော ပထမဆုံးနောက်ကြည့်မှန်ဖြစ်သည်ဟု ယူဆရသည်။
လူတစ်ဦးစာ အလေးချိန် ပိုမိုပေါ့ပါးသွားသည့်အပြင် aerodynamic ပိုမိုကောင်းမွန်သောကြောင့် Harroun ၏ ကားမှာ ပြိုင်ဖက်များကို မိုင်ဝက်ခန့် အသာစီးဖြင့် အလွယ်တကူ အောင်ပွဲခံခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Unbelievable Car Stories (readersdigest)