- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့ထိပ်တန်း EV ထုတ်လုပ်သူအဖြစ် Tesla ကို ဖြတ်ကျော်ခဲ့သော BYD သည် ယခုနှစ် ပထမဆုံး ၃ လပတ်တွင် တရုတ်ပြည်၏ EV ဈေးကွက် ကျဆင်းမှုများကြောင့် ထိပ်ဆုံးနေရာမှ လျောကျ
ကမ္ဘာ့ထိပ်တန်း EV ထုတ်လုပ်သူအဖြစ် Tesla ကို ဖြတ်ကျော်ခဲ့သော BYD သည် ယခုနှစ် ပထမဆုံး ၃ လပတ်တွင် တရုတ်ပြည်၏ EV ဈေးကွက် ကျဆင်းမှုများကြောင့် ထိပ်ဆုံးနေရာမှ လျောကျ
- 222 views
တရုတ်ပြည်၏ EV ထိပ်သီး BYD သည် ကမ္ဘာ့ဦးဆောင် EV ထုတ်လုပ်သူဟူသော ရပ်တည်မှုကို ၃ လပတ် ကာလတစ်ခုသာ ထိန်းထားနိုင်ခဲ့သည်။
ပြီးခဲ့သော ၂၀၂၃ နှစ်ကုန်ပိုင်းတွင် Warren Buffett ၏ ကျောထောက်နောက်ခံပြု BYD သည် Tesla ကို ဖြတ်ကျော်ကာ ကမ္ဘာ့အရောင်းရဆုံး လျှပ်စစ်ကားကုမ္ပဏီအဖြစ် ရပ်တည်ခဲ့သည်။
ပြီးခဲ့သော အင်္ဂါနေ့ကမူ Tesla က ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ် ကားဖြန့်ချိမှုစာရင်းကို ထုတ်ပြန်လိုက်ရာ ကမ္ဘာ့အရောင်းရဆုံး EV ထုတ်လုပ်သူနေရာကို ပြန်လည် ရရှိခဲ့သည်။
BYD က ဝယ်လိုအား ပိုမိုရရှိလာစေရန်အတွက် ဈေးနှုန်း လျှော့ချခြင်းများနှင့် မော်ဒယ်သစ် အရောင်းဈေးကွက် တင်မှုများ မကြာသေးမီက ပြုလုပ်လာသည်။
ပြီးခဲ့သောလက BYD ၏ ဈေးအသက်သာဆုံး မော်ဒယ်ဖြစ်သော Seagull ကို ဈေးနှုန်း ၅ ရာခိုင်နှုန်း လျှော့ချ ပေးခဲ့ပြီး ရောင်းအားအကောင်းဆုံး မော်ဒယ်တစ်ခုဖြစ်သော Qin Plus ဆီဒင်ကားကို ဈေးနှုန်း ၂၀ ရာခိုင်နှုန်း အထိ လျှော့ချပေးခဲ့သည်။
သို့တိုင်အောင် ရောင်းအားမှာ ကျဆင်းနေဆဲ ဖြစ်သည်။
BYD သည် ယခုနှစ် ပထမ ၃ လပတ်ကာလအတွင်း လျှပ်စစ်ကားအစင်းရေ ၃၀၀၁၁၄ ရောင်းချခဲ့ရသည်။
ပြီးခဲ့သော ၂၀၂၃ နောက်ဆုံး ၃ လပတ်တွင် ရောင်းချရမှုမှာ အစင်းရေ ၅၂၆၄၀၉ ဖြစ်သည်။
Tesla က ယခုနှစ် ပထမ ၃ လပတ်ကာလအတွင်း အစင်းရေ ၃၈၆၆၁၀ ရောင်းချခဲ့ရပြီး ၂၀၂၃ နောက်ဆုံး ၃ လပတ်တွင် အစင်းရေ ၄၈၄၅၀၇ ရောင်းချခဲ့ရသည်။
ဟောင်ကောင်စတော့အိပ်ချန်းတွင် BYD ၏ ရှယ်ယာဈေးနှုန်းမှာ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်၏ လျှပ်စစ်ကား ဈေးကွက်တွင် တိုးတက်မှု နှေးကွေးခဲ့ပြီး BYD နှင့် Tesla ကုမ္ပဏီ ၂ ခုလုံး၏ ရောင်းအား တရုတ်ပြည်တွင် ကျဆင်းခဲ့သည်။
BYD Tesla နှင့် အခြား တရုတ်ပြည်မှ ကားကုမ္ပဏီများအကြား ဈေးနှုန်းစစ်ပွဲမှာလည်း ပြင်းထန်နေသည်။
တရုတ် အိမ်စီးကားအသင်းမှ သတိပေးထားသည်မှာ ဈေးနှုန်းလျှော့ချမှုများ လုပ်ဆောင်နေခြင်းကြောင့် ကားဝယ်မည့်သူတို့က ဈေးနှုန်းဆက်လက် ကျဆင်းဦးမည်ဟု မျှော်လင့်ကာ ကားဝယ်ယူမှု နှောင့်နှေးနေနိုင် ကြောင်း သတိပေးထားသည်။
BYD သည် ယခင်ကမူ ၎င်း၏ ဈေးနှုန်းသက်သာသော လျှပ်စစ်ကားများကို တရုတ်ပြည်မှ ကားဝယ်သူ တို့ကြောင့် ရောင်းအားအလွန်ကောင်းမွန်ခဲ့သည်။
သို့သော် Tesla နှင့် မတူသည့်အချက်မှာ BYD သည် တရုတ်ဈေးကွက်အပေါ် မှီခိုနေရရာ တရုတ်ပြည်၏ လျှပ်စစ်ကားဈေးကွက် အပြောင်းအလဲဒဏ်ကို ပိုမိုခံစားရ နိုင်သည်။
၂၀၂၃ ခုနှစ်အတွင်း BYD ၏ ဝင်ငွေမှ ၈၅ ရာခိုင်နှုန်းကျော်မှာ တရုတ်ဈေးကွက်မှ ရရှိခြင်းဖြစ်ကြောင်း BYD ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြသည်။
နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် Tesla ၏ ဝင်ငွေမှ ၂၂ ရာခိုင်နှုန်းသာ တရုတ်ဈေးကွက်မှရရှိခြင်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD lost its EV crown to Tesla after just one quarter as China’s EV market slumps (fortune)
Photo Credit: SOPA Images via Getty Images