- ပင်မစာမျက်နှာ
- ကားသတင်းများ
- စိတ်ပျက်ဖွယ် အတွေ့အကြုံများကြောင့် လျှပ်စစ်ကားကို ရောင်းချကာ ဒီဇယ်ကား ပြန်စီးသော စကော့တလန် နိုင်ငံသား
စိတ်ပျက်ဖွယ် အတွေ့အကြုံများကြောင့် လျှပ်စစ်ကားကို ရောင်းချကာ ဒီဇယ်ကား ပြန်စီးသော စကော့တလန် နိုင်ငံသား
- 1018 views
စကော့တလန်နိုင်ငံသား ဂိုင်း စတန်းဟောက်စ်သည် Jaguar I-Pace လျှပ်စစ်ကား ဝယ်ယူခဲ့ပြီးနောက် ပထမဆုံး မောင်းနှင်ခဲ့သော ခရီးစဉ်တွင်ပင် အဆင်မပြေခဲ့ချေ။
စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့မှ အင်္ဂလန်နိုင်ငံ ၊ အနောက်မြောက်ပိုင်း Cumbria ခရိုင် Sedbergh မြို့သို့ ၁၄၅ မိုင်ခရီး မောင်းနှင်ခဲ့ရာတွင် လမ်းတလျှောက်၌ အားသွင်းစခန်းများ အစီအရီ ရှိသည်။
သို့သော် အများစုမှာ သူ့ကားအတွက် အမြန်အားသွင်းစနစ်မရ။
ထို့ကြောင့် ၂ နာရီ ၄၅ မိနစ်သာ မောင်းရမည့် ခရီးမှာ ၇ နာရီခန့် ကြာမြင့်ခဲ့သည်။
“တွေ့သမျှ အားသွင်းစခန်းတိုင်းမှာ ကျွန်တော် အားဝင်သွင်းခဲ့တယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ အနှေး အားသွင်းစနစ်တွေကိုပဲ သုံးလို့ရတာကြောင့် တစ်ခါအားသွင်းရင် ၁၃ မိုင်လောက်ပဲ မောင်းလို့ရတယ်။ ကျွန်တော်အိမ်ကို ညသန်းခေါင်ကျမှ ပြန်ရောက်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။
လျှပ်စစ်ကားပိုင်ရှင်များစွာသည် အားသွင်းရာတွင် အဆင်မပြေခြင်း၊ အာမခံကြေး ဈေးနှုန်းမြင့်မားခြင်း ၊ ဘက်ထရီစွမ်းအား ကျဆင်းခြင်းနှင့် ရာသီဥတုအေးသော အခါများတွင် မောင်းနှင်နိုင်သည့် ခရီးအကွာအဝေး ကျဆင်းသွားခြင်း အစရှိသော အကြောင်းရင်းများကြောင့် လျှပ်စစ်ကားများအပေါ် စိတ်ပျက်လာကြသည်။
လျှပ်စစ်ကားပိုင်ရှင်များစွာမှာ ဤဖြစ်ရပ်မျိုး ကြားဖူးကြမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်လည်း ကြုံတွေ့ဖူးကြဖွယ် ရှိသည်။
ဤဆောင်းပါးကို ရေးသားသူ Emma Henderson သည်လည်း ပြီးခဲ့သောနှစ်အတွင်း လန်ဒန်မှ ကွန်းဝေါသို့ မောင်းနှင်ခဲ့သောခရီးတွင် အားသွင်းအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
စတန်းဟောက်စ်၏ ဖြစ်ရပ်မှာ လွန်ခဲ့သော ၅ နှစ်ခန့်က ဖြစ်ရာ လျှပ်စစ်ကား အခြေခံအဆောက်အအုံများ များစွာ မဖွံ့ဖြိုးသေးသော ကာလလည်း ဖြစ်သည်။
သို့သော် ယနေ့တိုင် ခေတ်မီအဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။
ယင်းနောက်ပိုင်း စတန်းဟောက်စ်သည် လျှပ်စစ်ကားကို ရောင်းချလိုက်ကာ ဒီဇယ်ကား ပြောင်းစီးခဲ့သည်။
လျှပ်စစ်ကားအား ကျောခိုင်းသည်မှာ ၎င်းတစ်ဦးတည်းမဟုတ်။
ဗြိတိန်နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားသည့် ကားစူပါမားကက်ဖြစ်သော Motorpoint ၏ ထုတ်ပြန်ချက်အရ လျှပ်စစ်ကားပိုင်ရှင် ၅၆ ရာခိုင်နှုန်းသည် ၂၀၂၃ ခုနှစ်အတွင်း အခြားလောင်စာသုံးကားများ ပြောင်းစီးခဲ့ကြပြီး ဓာတ်ဆီကား ပြောင်းစီးသူမှာ ၃၀ ရာခိုင်နှုန်းရှိကာ အများဆုံးဖြစ်သည်ဟု ဆိုသည်။
Motorpoint Group ၏ စီအီးအို မာ့ခ် ကာပန်တာက “တချို့တွေက လျှပ်စစ်ကားဟာ သူတို့နဲ့ မသင့်တော်ဘူး ဆိုတာ တွေ့ရှိလာခဲ့ကြတယ်။ အကြောင်းရင်းကတော့ တစ်ခုတည်း ဖြစ်ပုံမရဘူး။ အခြေခံအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဥပမာ အားသွင်းစက်မရှိတဲ့အိမ်ကို ပြောင်းသွားတာ ၊ ခရီးပိုဝေးတဲ့အလုပ်သစ်တစ်ခု ပြောင်းလုပ်တာအစရှိတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။”
မော်တော်ကား သတင်းသမားဖြစ်သူ Harry Metcalfe သည် ကားမဂ္ဂဇင်း Evo ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်ပြီး ၎င်းသည်လည်း လျှပ်စစ်ကားမှ လောင်စာဆီသုံးကားသို့ ပြောင်းလဲစီးနင်းခဲ့သူ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: I sold my electric car and went back to a diesel – I’d had enough (inews)
Photo Credit: Supplied