BYD က ယခုနှစ်အတွင်း ကမ္ဘာ့ဈေးကွက်သို့ စွမ်းအင်သစ်သုံး ပစ်ကပ်ထရပ်ကားများ ဈေးကွက်တင်ပို့မည်

  • 191 views

BYD သည် ယခုနှစ်အတွင်း ၎င်းတို့၏ ပထမဆုံးသော စွမ်းအင်သစ်သုံး ပစ်ကပ်ထရပ်ကားကို စတင်မိတ်ဆက် မည်ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့ဈေးကွက်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အရွယ်အစားမှာ အလတ်စားမှ အကြီးစားထိ ရှိမည်ဖြစ်ပြီး Toyota Hilux ထက် ကြီးမားမည်ဖြစ်ကြောင်း ယခုအကြောင်းရပ်ကို ထဲထဲဝင်ဝင် သိရှိထားသူတစ်ဦးက CnEVpost သတင်းဌာသို့ ပြောသည်။

CnEVPost သတင်းဌာနမှ ရရှိထားသော ဓာတ်ပုံများတွင် ကားအား ပတ်ဝန်းကျင်နှင့် တသားတည်း ထင်ရအောင် ပုံဖျက်ထားရှိထားသည့် ဓာတ်ပုံများ တွေ့ရသည်။

ဤကားနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရချေ။

သို့သော် စွမ်းအင်သစ်သုံး ပစ်ကပ်ထရပ်ကားများသည် သမားရိုးကျ လောင်စာဆီသုံး ပစ်ကပ်ထရပ်များနှင့် ယှဉ်လျှင် ပိုမိုသက်တောင့်သက်သာရှိကာ နည်းပညာပိုင်း မြင့်မားလာဖွယ်ရာ ရှိသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက BYD ထုတ် ပစ်ကပ်ထရပ်နမူနာ ၁ စင်း လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်နေ သည့် ဓာတ်ပုံ တရုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ဖူးသည်။

အချို့က ခန့်မှန်းသည်မှာ အဆိုပါ ပစ်ကပ်သည် BYD မှ ထုတ်လုပ်မည့် F အမှတ်တံဆိပ်ဖြစ်ဖွယ်ရှိကြောင်း၊ F မှာ Formula Bao (သို့မဟုတ်) Fang Cheng Bao ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

တရုတ်ပြည်တွင် ပစ်ကပ်များကို လိုက်ထရပ်ဟု သတ်မှတ်ထားပြီး ပုံမှန်အိမ်စီးကားများဖြစ်သော ဆီဒင်၊ SUV ၊ MPV များထက် စည်းကမ်းပိုမို တင်းကြပ်ထားသည်။

ထိုအချက်ကြောင့် BYD က အိမ်စီးကား မော်ဒယ်များစွာ ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းတွင်မှ ပစ်ကပ်ထရပ် ထုတ်လုပ်ရန် စဉ်းစားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

ထို့အပြင် ပစ်ကပ်ထရပ်ကို ကမ္ဘာ့ဈေးကွက်ကိုသာ ပစ်မှတ်ထားခြင်းအကြောင်းရင်းလည်း ဖြစ်သည်။

တရုတ်ပြည်၏ အဝေးပြေးလမ်းမများပေါ်တွင် ပစ်ကပ်ထရပ်ကားများသည် အနှေးမောင်းလမ်းကြောင်းဖြစ်သော ယာဉ်ကြော ယာဘက်စွန်မှသာ မောင်းနှင်ရပြီး ကီလို ၁၀၀ ထက် ကျော်လွန်မောင်းနှင်ခွင့် မပြုချေ။

အိမ်စီးကားများမှာမူ အဝေးပြေးလမ်းမပေါ်တွင် ကီလို ၁၂၀ နှင့်အထက် တရားဝင် မောင်းနှင်ခွင့်ရှိသည်။

ထို့အပြင် တရုတ်ပြည်တွင် ပစ်ကပ်ထရပ်များကို ၁၅ နှစ်ထက် ကျော်လွန်အသုံးပြုခွင့် မရှိချေ။

သက်တမ်း ၁၅ နှစ်ပြည့်ပါက အရည်ကျို ဖျက်စီးပစ်ရမည် ဖြစ်သည်။

ထို့အပြင် ယာဉ်သက်တမ်း ပထမ ၁၀ နှစ်အတွင်း သယ်ယူပို့ဆောင်ရေးဌာန အာဏာပိုင်များထံ နှစ်စဉ် ယာဉ်စစ်ဆေးမှု ခံယူရမည် ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် တစ်နှစ်လျှင် ၂ ကြိမ် စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

ပုံမှန် အိမ်စီးကားများမှာ ၆ နှစ်အထိ ထိုသို့ စစ်ဆေးမှု ခံယူရန် မလိုအပ်ချေ။

တရုတ်ပြည်ရှိ မြို့ကြီးပေါင်းများစွာတွင် မြို့ပေါ်နေရာများသို့ ပစ်ကပ်ထရပ်ကားများ ဝင်ရောက်မှုကို စမ်းသပ်တင်းကြပ်မှုများ ပြုလုပ်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD to launch 1st new energy pickup truck for global market within this year (cnevpost)

Photo Credit:  cnevpost