ရန်ကုန်ရှိ စက်သုံးဆီဆိုင်တချို့တွင် ဓါတ်ဆီတန်းစီ ဝယ်နေရ

  • 141 views

သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီအလုံအလောက်ရှိသော်လည်း ဆီဆိုင်များကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေကြောင်းနှင့် ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီစနစ်ဖြင့် ပြန်လည်ဝယ်ယူ နေရကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်သည့် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂,၇၉၅ ၊ ၉၅ တစ်လီတာ ကျပ် ၂၉၁၅ ၊ ဒီဇယ်တစ်လီတာ ကျပ် ၂,၄၀၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂၄၄၅ ဖြစ်ကြောင်း အဆိုပါဈေးနှုန်းသည် သုံးပတ်ဆက်တိုက်ဈေးငြိမ်နေခြင်းဖြစ်သည်။

" ဒီဇယ်ဆိုရင်ဝယ်လို့လွယ်တယ်။ ဓါတ်ဆီကပြန်တန်းစီပြီးဝယ်နေရတယ်။ တော်တော်လေးတန်းစီလိုက်ရတယ်။ ဆိုင်တွေမှာက တန်းစီရတာတော့ကြာတယ်။ ဆီကုန်ရင်တော့ အရောင်းပိတ်လိုက်တယ်။ စက်သုံးဆီကမရတဲ့ဆိုင်များတယ်" ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

မကြာခင် သင်္ကြန်ရုံပိတ်ရက်ရှည်ကာလ ရောက်တော့မည်ဖြစ်သည့်အတွက် ခရီးသွားမည့်သူများသည် ကြိုတင်ဆီဖြည့်၍ ဝယ်ယူမှုများ ရှိနေကြောင်းလည်း သိရသည်။

လက်ရှိဈေးနှုန်းသည် ရန်ကုန် လက်လီဈေးကွက်အတွက် သတ်မှတ်ပေးထားသည့် ဈေးနှုန်းဖြစ်ပြီး နယ်မြို့များတွင် သယ်ယူပို့ဆောင်စရိတ်ကြောင့် ယင်းဈေးနှုန်းထက် ပိုများသည့်အပြင် တချို့မြို့များတွင် ဆီပြတ်လပ်၍ ဝယ်ယူရခက်နေကြောင်း စုံစမ်းသိရှိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com