Xiaomi SU7 စတင်ချပြလိုက်ပြီးနောက် ၂၄ နာရီအတွင်း အစင်းရေ ၈၈၈၉၈ အမှာစာရရှိ

  • 197 views

Xiaomi SU7 စတင်မိတ်ဆက်ချပြလိုက်ပြီး ၂၄ နာရီအတွင်း အစင်းရေ ၈၈၈၉၈ အမှာစာ ရရှိခဲ့ကြောင်း Xiaomi ကုမ္ပဏီက ကြေညာသည်။

မတ်လ ၂၉ ရက်က တရုတ်ပြည်တစ်ဝန်း မြို့ပေါင်း ၂၉ မြို့ရှိ အရောင်းပြခန်းပေါင်း ၅၉ ခုတွင် စမ်းသပ် မောင်းနှင်မှုများ ပြုလုပ်ရာ ကြိတ်ကြိတ်တိုး လူစည်ကားခဲ့သည်။

ကြိုတင်မှာယူသော Customer များအနေဖြင့် ယွမ်ငွေ ၅၀၀၀ (ကန်ဒေါ်လာ ၈၅၀) ကြိုတင်ပေးသွင်းရသည်ဟု ဆိုသည်။

Xiaomi SU7 သည် နိုင်ငံပိုင် Beijing Automotive Industry Holding Co.(BAIC) မှတဆင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး Brand ကုမ္ပဏီဖြစ်သော Xiaomi မှာ ထုတ်ကုန်တီထွင်မှု၊ ဒီဇိုင်းရေးဆွဲမှုနှင့် အရောင်းပိုင်းများကို အဓိက အာရုံထားသည်။

စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MITT) ၏ ထုတ်ပြန်ချက်အရ Xiaomi SU7 ကို BAIC ၏ ကုမ္ပဏီခွဲဖြစ်သော BAIC Off-road Vehicle Co က ပေကျင်းမြို့ရှိ Xiaomi ၏ စက်ရုံသစ်တွင် တပ်ဆင်မှုများ ပြုလုပ်ပေးသွားမည်ဟု ဆိုသည်။

စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ BAIC သည် ဂျာမန်ကားကုမ္ပဏီ Mercedes-Benz တွင်လည်း အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်ပြီး ရှယ်ယာ ၉ ဒသမ ၉၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

 

(Xiaomi SU7 Max )

 

Xiaomi စက်ရုံသစ်ကို ၂၀၂၂ ခုနှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ပြီးခဲ့သောနှစ် ဇွန်လတွင် ပြီးစီးခဲ့သည်။

Xiaomi က Xiaomi SU7 အတွက် အရောင်းလိုင်စင်ကို နိုဝင်ဘာလတွင် လျှောက်ထားခဲ့ပြီး အဆိုပါ စက်ရုံတွင် စမ်းသပ်ထုတ်လုပ်မှုကို ဒီဇင်ဘာလတွင် စတင်ခဲ့သည်။

Xiaomi SU7 အလုံးအရင်း ထုတ်လုပ်မှုကို စတင်ခဲ့ပြီးဖြစ်သော်လည်း စွမ်းအားပြည့် လည်ပတ်ရသေးခြင်း မဟုတ်သေးချေ။

Xiaomi ၏ ထုတ်ပြန်ချက်အရ ဧပြီလကုန်တွင် Customer များထံ စတင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

(Xiaomi SU7 ကို ကြိတ်ကြိတ်တိုး ကြည့်ရှုနေကြပုံ။ ဓာတ်ပုံ-Weibo)

 

Xiaomi ၏ ပေကျင်းမြို့ စက်ရုံမှ ပထမဆင့်တွင် တစ်နှစ်လျှင် ကားအစင်းရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး ဒုတိယဆင့်တွင် တစ်နှစ်လျှင် အစင်းရေ ၃၀၀,၀၀၀ ထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထိုပမာဏမှာ စွမ်းအားပြည့် ထုတ်လုပ်နိုင်မှု မဟုတ်သေးချေ။

Xiaomi အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အပြည့်အဝ ထုတ်လုပ်နိုင်မှု ၈ လတာကာလ ရှိမည်ဖြစ်ရာ ထိုစက်ရုံမှ ယခုနှစ်အတွင်း အစင်းရေ ၁၀၀,၀၀၀ ခန့် ထုတ်လုပ်ဖွယ်ရှိသည်။

ထုတ်လုပ်ရေးလိုင်းတွင် ထူးခြားသည့် ပြဿနာမရှိပါက အနည်းငယ် ပိုမိုထုတ်လုပ်နိုင်ဖွယ်ရှိသည်။

စတင်မိတ်ဆက်ပြီး ၂၄ နာရီအတွင်း အစင်းရေ ၉၀,၀၀၀ ခန့် အမှာစာ ရရှိထားပြီး ၄၈ နာရီကြာမြင့်ချိန်တွင် အစင်းရေ ၁၀၀,၀၀၀ ကျော်သွားဖွယ် ရှိသည်။

Xiaomi SU7 ၏ ဈေးနှုန်းမှာ ယွမ်ငွေ ၂၁၅၉၀၀ (ကန်ဒေါ်လာ ၂၉၉၀၀) မှစသည်။

Xiaomi ၏ စီအီးအို Lei Jun ၏ ပြောကြားချက်အရ စတင်ချပြ မိတ်ဆက်ခြင်း မပြုမီညတွင် ဈေးနှုန်းကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ Tesla Model 3 ၏ ဈေးနှုန်းအောက် ယွမ်ငွေ ၃၀,၀၀၀ (ကန်ဒေါ်လာ ၄၁၀၀) နည်းပါးစေရန် ရည်မှန်းခဲ့ကြောင်း ပြောသည်။

Tesla Model 3 ၏ ဈေးနှုန်းမှာ တရုတ်ပြည်တွင် ယွမ်ငွေ ၂၄၅၉၀၀ (ကန်ဒေါ်လာ ၃၄၆၀၀) ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Xiaomi SU7 sold out for 2024 within 24 hours  (carnewschina)

Photo Credit:  Weibo, Xiaomi