မြန်မာပြည်မှာ ကားလိုက်စီးမယ်ဆိုရင်..........

  • 214 views

အစကမသိခဲ့ဘူး။ ကြုံခဲ့ သိခဲ့သမျှ မှတ်ထားတာ ဆိုရင်.. တခြားသူ တစ်ယောက်ရဲ့ကားနဲ့ လိုက်စီးမိပြီ၊ ဒါမှ မဟုတ် အတူတူသွားကြပြီဆိုရင် ကိုယ့်အနေနဲ့တော့.......

(၁) နေရာ တစ်နေရာရောက်လို့ ရှိရင် ဆင်ဝင် အောက်မှာ ရပ်ခိုင်းတာမျိုး မရှိစေဘဲ ကားပါကင်ထိုးတဲ့ထိ လိုက်စောင့်ပေးပါတယ်။ တခြား သူတွေ ကားပေါ်က ဆင်းသွားပြီး စကားတွေပြောပြီး အဆောက်အဦးထဲ ဝင်သွားရင်တောင် ကားမောင်းတဲ့သူကို စောင့်ပြီးမှ ကားနားကနေ သူနဲ့အတူတူ ထွက်ခွါပါတယ်။ အိမ်ကနေ Shopping ထွက်ဖို့အတွက်ဆိုပြီး ထည့်လွှတ်ပေးလိုက်တဲ့ driver မဟုတ်လို့ပါ။

(၂) နှစ်ယောက်တည်းပဲ ကိုယ်နဲ့ ကားမောင်းသူပဲ ဆိုရင်၊ ဘယ်ထိုင်ခုံမှာ ထိုင်ရမလဲ မေးပါတယ်။ အများအားဖြင့်တော့ နောက်ခန်းမှာ ထိုင်လိုက်ခြင်းဟာ သူ့ကို အငှားယာဉ်မောင်းသဖွယ် ဆက်ဆံတယ်လို့ ယူဆထားကြပါတယ်။ တချို့ကျပြန်တော့ အိမ်က မိန်းမက lover seat ကို သူက လွဲရင် ဘယ်သူ့ကိုမှ ပေးမထိုင်ရဘူး ပြောထားပြန်တာလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ ဘယ်နေရာမှာ ထိုင်လိုက်ရမလဲ မေးလိုက်တာပါပဲ။
တစ်ခါတော့လည်း အထင်လွဲခံရသေးတယ်.. ကိုယ့်ဆရာသမားကို VIP လိုမျိုး ယူဆထားလို့ ကားနောက်ခန်းက ထိုင်ခိုင်းမိခဲ့တာ.. နောက်နေ့ကျတော့ ဆရာကို အဲ့လိုဆက်ဆံတာ သူ အင်မတန်မှ စိတ်မကောင်းကြောင်းလည်း ပြောခံရဖူးတယ်။

(၃) ကားပေါ်မှာ ခြေထောက်ချိတ်ထိုင်ရင် ခြေဖဝါးတွေက ကားတံခါးနံရံကို ကန်ထားမိတာ၊ ဒါမှ မဟုတ် မောင်းတဲ့သူ ဘက်ကို ခြေထောက်ကြီး ရောက်နေတတ်ပါတယ်။

(၄) ကားထဲမှာ အစားအသောက်စားတာ မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကားထဲမှာ ပြုတ်ကျရင် ပေတတ်သလို၊ အဲကွန်းဖွင့်ထားတဲ့အခါမှ အနံ့တွေ လှောင်ပိတ်ပြီးနံတတ်လို့လည်း ပါပါတယ်။ ကိုယ်တော့ စားမယ်ဆိုရင် အရင်ခွင့်တောင်းပါတယ်။

( ၅) ဖိနပ်မှာ သဲနဲ့ ရွှံ့တွေ ( အထူးသဖြင့် မိုးရာသီမှာ ) ဆိုရင် ခြေထောက်ကို သေချာခါပြီးမှ ကားပေါ်တက်တာကို ကြိုက်တဲ့သူလည်း ရှိပါတယ်။

(၆) လမ်းကြုံပဲ လိုက်လိုက်၊ အထူးသဖြင့် ခရီးဝေးရင် ဓာတ်ဆီခ မျှခံပေးရမလား အမြဲမေးပါတယ်။ မေးနေရလား ဆိုပြီး စိတ်ဆိုးတာက အလိုက်မသိ ဆီလေးတောင်မထည့်ပေးဘူးဆိုပြီး တစ်လမ်းလုံး စူပုပ်နေတာထက်တော့ ပိုကောင်းပါတယ်။

(၇) မောင်းတဲ့သူရဲ့ အယူအဆ၊ မောင်းပုံတွေကို နှေးသည် ဘာသည် မဝေဖန်သင့်ပါဘူး။

(၈) ကားမောင်းတဲ့သူ ရေသောက်ချင်တဲ့အခါမှာ ရေဗူးအဖုံးဖွင့်ပေးတာပဲ ဖြစ်ဖြစ်၊ ဖုန်းလာရင် ကူညီပြီး ယူပေးရမလား speaker ဖွင့်ပေးရမလား ကူညီမေးဆိုပါ။

(၉) နောက်ဆုံးတစ်ချက်ကတော့ အရေးအကြီးဆုံးပါပဲ. ကားမောင်းတဲ့သူကို အလိုလိုက်ပါ၊ ပျော်အောင်ထားပါ။ ကိုယ့်အသက်က သူ့လက်ထဲမှာ ရှိနေလို့ပါ 😅😅

သူက နမ်းဆို နမ်းလိုက်ပါ။ လက်ကိုင်ပေးထားဆို ကိုင်ပေးထားလိုက်ပါ။ ရင်ခွင်ထဲဝင်နေဆို ဝင်နေပေးလိုက်ပါ။ ဖက်ဆို ဖက်ပေးထားပါ။ သူခိုင်းသမျှ ဖြည့်ဆည်းပေးလိုက်ပါ 😂😂😂

 

Credit:   Kyaw Han Thar Myint