• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ခရစ္စတီယာနို ရော်နယ်ဒို ပေါ်တူဂီလက်ရွေးစင်ပွဲအတွက် ဇာတိနိုင်ငံသို့ ပြန်ရောက်နေစဉ် နောက်ဆုံး ဝယ်ယူလိုက်သော ပေါင် ၂ သန်းတန် Ferrari ကို ထုတ်ပြလာ

ခရစ္စတီယာနို ရော်နယ်ဒို ပေါ်တူဂီလက်ရွေးစင်ပွဲအတွက် ဇာတိနိုင်ငံသို့ ပြန်ရောက်နေစဉ် နောက်ဆုံး ဝယ်ယူလိုက်သော ပေါင် ၂ သန်းတန် Ferrari ကို ထုတ်ပြလာ

  • 363 views

ပေါ်တူဂီ ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုသည် ပြိုင်ကားများစွာ ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း ယခုအခါ ပေါင် ၂ သန်းတန် Ferrari Daytona SP3 တစ်စင်း ထပ်မံဝယ်ယူဖြည့်တင်းလိုက်ပြန်သည်။

ပေါ်တူဂီနှင့် ဆွီဒင်ချစ်ကြည်ရေးပွဲနောက်ပိုင်း စီရော်နယ်ဒိုသည် နိုင်ငံလက်ရွေးစင် အသင်းအတွက် ပေါ်တူဂီသို့ ပြန်လည်ရောက်ရှိနေပြီး ပေါ်တူဂီ- စလိုဗေးနီးယားပွဲတွင် မိနစ် ၉၀ လုံး ပါဝင်ကစားခဲ့သော်လည်း ၂-၁ ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ဇာတိနိုင်ငံသို့ ပြန်ရောက်ချိန်တွင် နိုင်ငံလက်ရွေးစင်အသင်းထံ မသွားရောက်မီ ပေါ်တူဂီရှိ Four Seasons ဟိုတယ်၌ သူ၏ Ferrari ပြိုင်ကားသစ်ကို ပြသခဲ့ခြင်း ဖြစ်သည်။

အင်စတာဂရမ် လူမှုကွန်ရက်တွင် Lisbon Cars အမည်ရှိ အကောင့်က ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ခဲ့ရာ CR7 ၏ နောက်ဆုံးဝယ်ယူလိုက်သော အာကာသယာဉ်ဟု Caption ရေးသားဖော်ပြထားသည်။

စီရော်နယ်ဒို နောက်ဆုံးဝယ်ယူလိုက်သောကားမှာ ပေါင် ၂ သန်းခန့် တန်ကြေးှရှိသည်ဟု ခန့်မှန်းရသည်။

ပြီးခဲ့သောနှစ်အထိ စီရော်နယ်ဒိုဝယ်ယူပိုင်ဆိုင်ထားသော ကားများ၏ စုစုပေါင်းတန်ကြေးမှာ ပေါင် ၁၈ သန်းခန့် ရှိသည်။

ထိုပမာဏတွင် မကြာသေးမီကာလများအတွင်း ဝယ်ယူခဲ့သော ကားများ မပါသေးချေ။

 


(ပေါ်တူဂီသို့ ပြန်လည်ရောက်ရှိနေချိန်အတွင်း စီရော်နယ်ဒိုက နောက်ဆုံးဝယ်ထားသော ပေါင် ၂ သန်းတန် Ferrari Daytona SP3 ကို ချပြလာသည်)

 

(လက်ရှိအားဖြင့် ဆော်ဒီကလပ် Al Nassr တွင် ကစားနေသူ စီရော်နယ်ဒိုသည် ပေါ်တူဂီ-စလိုဗေးနီးယား ပွဲစဉ် မတိုင်မီ၌ ဇာတိမြေ ပေါ်တူဂီသို့ ရောက်ရှိလာခြင်း ဖြစ်သည်)

 

(အင်စတာဂရမ်သုံးစွဲသူတစ်ဦးက စီရော်နယ်ဒို နောက်ဆုံးဝယ်ယူလိုက်သောကားကို စီရော်နယ်ဒို၏ အာကာသယာဉ်ဟု တင်စားရေးသားခဲ့သည်)

 

 

အသက် ၃၉ နှစ်အရွယ်ရှိ စီရော်နယ်ဒိုကို ပေါ်တူဂီလမ်းများပေါ်တွင် ဤကားဖြင့် တွေ့ခဲ့ရသည်။

Ferrari Daytona SP3 တွင် Ferrari မှ ယနေ့အချိန်အထိ ထုတ်လုပ်ခဲ့သော ကားများအနက် အင်ဂျင်ပါဝါ အကောင်းဆုံး အင်ဂျင်ကို တပ်ဆင်ထားသည်။

အင်ဂျင်မှာ ဆွဲအား 840 hp ရှိပြီး ရုန်းအား 697 Nm ရှိကာ အမြင့်ဆုံးမြန်နှုန်း 340kmph ဖြင့် မောင်းနှင်နိုင် သည်။

အမြန်နှုန်းတင်နိုင်မှုမှာ 0 to 100 kmph ကို ၂ ဒသမ ၈၅ စက္ကန့်အတွင်း ရရှိနိုင်သည်။

ပြိုင်ကားများ နှစ်သက်ခုံမင်သူ စီရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်ကာ အပြင်းအထန် ဒဏ်ရာရရှိဖွယ် အခြေအနေတစ်ရပ် ကြုံတွေ့ခဲ့ဖူးသည်။

မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးပွဲမတိုင်မီ ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ပေါင် ၂၀၀,၀၀၀ တန် Ferrari 599 GTB Fiorano မှာ ပျက်စီးသွားခဲ့သော်လည်း လူမှာမူ ကံကောင်းထောက်မစွာ ထိခိုက်ဒဏ်ရာ မရခဲ့။
ပေါ်တူဂီ-ဆွီဒင်ပွဲတွင် စီရော်နယ်ဒိုသည် အရန်ခုံတွင်သာ ထိုင်ခဲ့ရသည်။

စီရော်နယ်ဒိုမပါသော်လည်း နည်းပြဖြစ်သူ ရော်ဘတ်တို မာတီနက်ဇ်က ၁၁ ပွဲဆက်တိုက် နိုင်ပွဲဆောင်ကြဉ်း ပေးထားရာ ဆွီဒင်အား ၅-၂ ဖြင့် အနိုင်ရခဲ့မှုလည်း အပါအဝင် ဖြစ်သည်။

 

(စီရော်နယ်ဒိုသည် စုစုပေါင်း ပေါင် ၁၈ သန်းခန့် တန်ကြေးရှိ ပြိုင်ကားများ ပိုင်ဆိုင်ထားရာ Lamborghini Aventador တစ်စင်းလည်း အပါအဝင် ဖြစ်သည်)

 

(ဆွီဒင်အား ၅-၂ ဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ပွဲထွက်ခွင့်မရခဲ့သော်လည်း စလိုဗေးနီးယားပွဲစဉ်တွင် ပါဝင် ကစားခဲ့သည်)

 

ဂျာမနီတွင် ကျင်းပသော Euro 2024 ပြိုင်ပွဲတွင် ပေါ်တူဂီသည် Czechia, Turkey တို့နှင့် တွေ့ဆုံရမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Cristiano Ronaldo shows off his new £2m Ferrari, the latest addition to his £18m supercar collection, as the star parades the 'spaceship' in Portugal while on international duty (dailymail)

photo Credit: dailymail