ရိုးရွိုက်စ်ထုတ်ကားတွေ ဘာကြောင့် ဝိဉာဉ်လောကနာမည်တွေ ဖြစ်နေတာလဲ

  • 727 views

ရိုးရွိုက်စ်က ၎င်း၏ ကားမော်ဒယ်အမည်များကို အဘယ်ကြောင့် တစ္ဆေသရဲအမည်များ ပေးထားသည်ကို သင့်အနေဖြင့် သိလိုစိတ်ဖြစ်ပေါ်ဖူးပါသလား။

ထိုသို့ နာမည်များ ပေးရခြင်း၏ အကြောင်းရင်းကို ရိုးရွိုက်စ်ကုမ္ပဏီက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ရိုးရွိုက်စ်၏ ကားမော်ဒယ်အမည်များဖြစ်သော Silver Seraph (ငွေရောင် တမန်တော်)၊ Silver Shadow (ငွေရောင်အရိပ်) ၊ Wraith (ဝိဉာဉ်)၊ Phantom (တစ္ဆေ) နှင့် Ghost (သရဲ) ဟူသော အမည်များကို ကြားဖူးကြသည်။

ယခုအခါ ထိုနာမည်များ အဘယ်ကြောင့်ပေးသည်ကို သိခွင့်ရလာသည်။

ယင်းသို့နာမည်များ ပေးရခြင်းအကြောင်းရင်းမှာ အများမှတ်ထင်နိုင်ဖွယ်ရှိသော အတိတ်နိမိတ်မကောင်းသည့် သဘောမျိုးမဟုတ်။

ရိုးရွိုက်စ်၏ လုပ်ဆောင်မှုအားလုံးမှာ ဂရုတစိုက် သုံးသပ်ပြီးမှသာ ဆောင်ရွက်ခြင်း ဖြစ်သည်။

ထိုခေတ်ထိုကာလက ကားထုတ်လုပ်သူအများစုနည်းတူ ရိုးရွိုက်စ်သည်လည်း ၎င်းတို့၏ ကားမော်ဒယ်များကို နံပါတ်များဖြင့် ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။

ဥပမာအားဖြင့် ကားများ၏ ဆလင်ဒါ (သို့မဟုတ်) Engine displacement အရေအတွက်ကို အစွဲပြုကာ အမည်ပေးခြင်းမျိုး ဖြစ်သည်။

ယနေ့ခေတ်တွင် Silver Ghost ဟု ကျွန်ုပ်တို့သိထားသော ကားမှာ ယခင်က 40/50 ဟုခေါ်ခဲ့ကြသည်။

Ghost မော်ဒယ်ကို သတင်းမီဒီယာတို့က Silver Ghost ဟု nickname ပေးခဲ့ခြင်းဖြစ်ပြီး ထိုအမည်သာ တွင်သွားတော့သည်။

အဓိကအားဖြင့် ထိုကားများမှာ အလွန်တရာ စက်သံငြိမ်လှသောကြောင့် ဖြစ်သည်။

Ghost သည် ကားလောက၏ အထိမ်းအမှတ်သင်္ကေတ တစ်ခုအဖြစ် အများက လက်ခံထားသောကြောင့် ရိုးရွိုက်စ်က နှစ်ပေါင်း ၁၀၀ ကျော်ကြာသည့်တိုင် အဆိုပါမော်ဒယ် ဗားရှင်းတစ်ခုကို ဆက်လက်ခေါ်ဆောင် လာခဲ့သည်။

ထိုခေတ်ထိုအခါက ကားအများစုမှာ ဆူညံကျယ်လောင်လှသည့်အပြင် စိတ်ချယုံကြည်ထားနိုင်ခြင်းလည်း မရှိသည့်ကာလမျိုးတွင် Ghost မှာ တစ္ဆေတစ်ကောင်အလား အလွန်ဆိတ်ငြိမ်ခဲ့သည်။

၁၉၂၅ ခုနှစ်တွင် ရိုးရွိုက်စ်သည် မော်ဒယ်သစ်တစ်မျိုးထုတ်လုပ်ခဲ့ပြီး New Phantom (တစ္ဆေသစ်) ဟု ရည်ညွှန်းခဲ့သည်။

အဆိုပါမော်ဒယ်တွင် ထိုခေတ်ထိုအခါက အဆင့်မြင့် အင်ဂျင်နီယာနည်းပညာများ ပါဝင်ခဲ့ကာ 7.7-liter inline-six engine တပ်ဆင်ထားသည်။

ယင်းနောက်တွင် Phantom II ထွက်ပေါ်လာပြီး ပိုမိုကောင်းမွန်သော ကားအောက်ပိုင်းအပြင် အင်ဂျင်မှာလည်း ပါဝါပိုကောင်းလာသည်။

လက်ရှိမော်ဒယ်မှာ Phantom VIII ဖြစ်ပြီး သမိုင်းတလျှောက် လူအများအလိုချင်ဆုံး Luxury ကားများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ရိုးရွိုက်စ်ထုတ် ဝိဉာဉ်လောကအမည်ဖြင့် အခြားမော်ဒယ်တစ်ခုမှာ Seraph (တမန်တော်) ဖြစ်သည်။

Seraph မှာ တမန်တော်နတ်တစ်ပါးဖြစ်၏။ ဤမော်ဒယ်ကို စီးရခြင်းမှာ တိမ်ပေါ်တွင် လွင့်မြောနေသည့်အလား ခံစားရစေမည်ဖြစ်သောကြောင့် Seraph ဟူသောအမည် ပေးခဲ့ခြင်း ဖြစ်သည်။

ရိုးရွိုက်စ်မှာ ပထမဆုံးထုတ်လုပ်သော လျှပ်စစ်ကားသည်လည်း ဝိဉာဉ်နှင့်စပ်လျဉ်းသော နာမည်ဖြင့်ပင်။

ရိုးရွိုက်စ်၏ လျှပ်စစ်ကားဖြစ်သော Spectre (တစ္ဆေ) ကို လျှပ်စစ်ဝိဉာဉ်ဟုလည်း ညွှန်းဆိုကြသည်။

Spectre ကို EV နယ်၏ Luxury အဖြစ်ဆုံးကားအဖြစ် အမွှမ်းတင်ကြသည်။

ကားတံခါးများနှင့် မျက်နှာကြက်တို့တွင် သေးငယ်သောမီးလုံးပေါင်း ၅၀၀၀ ကျော်တပ်ဆင်ထားရာ ကြယ်ပွင့်များ ဖိတ်ဖိတ်လက်နေသည့်အလား မှတ်ထင်ရသည်။

“ရိုးရွိုက်စ်ရဲ့ ကားတွေကို ဝိဉာဉ်လောကအမည်တွေ ပေးထားတာဟာ ဆန်းကြယ်တဲ့ခံစားချက် ပေါ်ပေါက်စေ ပါတယ်”ဟု ရိုးရွိုက်စ်၏ စီအီးအို Martin Fritsches က ပြောသည်။

“ဒီကားတွေဟာ ဒီဇိုင်းပုံစံကြောင့်သာမကဘဲ သူတို့ရဲ့ နာမည်ကြောင့်ပါ ချက်ချင်းမှတ်မိလွယ်စေပါတယ်”

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Rolls-Royce reveals the reason it names its cars after ghostly supernatural things (supercarblondie)

Photo Credit:  Rolls-Royce