• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • လမ်းပျော်ငှက်ငယ်၏ အိပ်မက်များ (သို့မဟုတ်) ကောလိပ်မှ ကျောင်းထွက်ကာ ကုန်ကားမောင်းသူဘဝ ခံယူခဲ့သော ချီကာဂိုက မိန်းကလေး

လမ်းပျော်ငှက်ငယ်၏ အိပ်မက်များ (သို့မဟုတ်) ကောလိပ်မှ ကျောင်းထွက်ကာ ကုန်ကားမောင်းသူဘဝ ခံယူခဲ့သော ချီကာဂိုက မိန်းကလေး

  • 285 views

(Business Insider သတင်းဌာနမှ စာရေးသူ Aria Yang က ချီကာဂိုတွင် နေထိုင်သော အသက် ၂၂ နှစ် အရွယ် ကုန်ကားမောင်းသည့် မိန်းကလေး Kiara Areli နှင့် တွေ့ဆုံမေးမြန်းထားသည်များကို အခြေခံကာ ရသစာတမ်းအဖြစ် ရေးသားထားမှုအား ဆီလျော်အောင် မြန်မာပြန်ဆိုထားပါသည်။)

ကျွန်မဟာ ကုန်ကားမောင်းသူတွေ အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ပါတယ်။ 

ဒက်ဒီက ကားမောင်းနေတာ ၁၀ နှစ်ရှိပြီ။

အဒေါ်တွေနဲ့ ဦးလေးတွေကလည်း ကားသမားတွေပါပဲ။

ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မတို့ ထရပ်ကားတွေ မောင်းရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

ကုန်ကားမောင်းတာ ယောက်ျားတွေအလုပ်လို့ အများက ယူဆကြတယ်လေ။

လူကြီး ၊ မိဘတွေရဲ့ သွန်သင်မှုတွေကြားထဲမှာ ကျွန်မဟာ ကောလိပ်ကို သွားခဲ့ပါတယ်။

ကျောင်းတက်ပြီး တစ်နှစ်လောက်အကြာမှာ ကျွန်မ ကျောင်းထွက်ခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ အကြွေးနွံမှာ မနစ်ချင်ဘူးလေ။

Amazon ရဲ့ ဂိုဒေါင်တစ်ခုမှာ အလုပ်ရခဲ့တယ်။

ကျွန်မက အလုပ်လုပ်ရင်း ဘဝကို အဆင့်ဆင့်တက်ဖို့ တွေးခဲ့တာပေါ့။
Amazon မှာ လုပ်ကိုင်နေစဉ်ကာလအတွင်း Amazon Career Choice ပရိုဂရမ်မှာ ပါဝင်ခဲ့ပါတယ်။

အဲဒီအစီအစဉ်က Amazon ရဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် အောင်မြင်မှုရဖို့အတွက် ကျွမ်းကျင်မှုအသစ်တွေ လေ့လာနိုင်စေဖို့ ကူညီပေးတဲ့ ပညာရေးအစီအစဉ်ပါပဲ။

အဲဒီအစီအစဉ်မှာ ကုန်ကားမောင်းတာလည်း ပါဝင်နေတာ တွေ့ခဲ့ပါတယ်။

ဒါက ရွေးချယ်ရမယ့်လမ်းလို့ ကျွန်မ ချက်ချင်းခံစားမိတယ်။

ကုန်ကားမောင်းတာက ကျွန်မနဲ့ တော်တော်လေး ရင်းနှီးတယ်လေ။
ကျွန်မလည်း အဲဒီအစီအစဉ်ကနေ ပညာသင်ဆု ရခဲ့ပြီး ကုန်ကားမောင်းသင်တန်း သွားခဲ့ပါတယ်။

သင်တန်းကာလ ၁ လ ၊ လက်တွေ့လေ့ကျင့်ချိန် နာရီ ၁၆၀ လေ့ကျင့်အပြီးမှာ ကျွန်မဟာ ကုန်ကားယာဉ်မောင်း လိုင်စင် (CDL) ရခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်မ အသက် ၂၀ ရှိပါပြီ။

Amazon မှာ ၂ နှစ်အလုပ်လုပ်ခဲ့ပြီးတဲ့နောက် အလုပ်ထွက်ခဲ့ပါတယ်။
ကျွန်မဟာ အခုဆိုရင် တက္ကသိုလ်က ဘွဲ့မရဘဲ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၆၀၀၀၀ (မြန်မာငွေ ၁၂၅၈ သိန်း) လောက်ရပါတယ်။

(မှတ်ချက်။ နိုဝင်ဘာ ၂၈ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၉၇  ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

ကုမ္ပဏီအများစုဟာ အများအားဖြင့် အတွေ့အကြုံရှိသူတွေကိုပဲ လိုချင်ကြတယ်။

တနေ့တော့ ထရပ်ကားကုမ္ပဏီတစ်ခုရှေ့မှာ ကုန်ကားယာဉ်မောင်းတွေ အလုပ်ခေါ်နေတဲ့ ကြော်ငြာတစ်ခု ကျွန်မတွေ့ပါတယ်။

ကျွန်မက လျှောက်ထားခဲ့ပြီး ကျွန်မဟာ လုပ်ငန်းနယ်ပယ်မှာ အစိမ်းသက်သက်ဖြစ်ပြီး အတွေ့အကြုံမရှိဘူးလို့ သူတို့ကို ပြောပြခဲ့တယ်။

ကုမ္ပဏီက ကျွန်မကို အင်တာဗျူး ပြန်ခေါ်ပါတယ်။

သူတို့က သိပ်ပြီး နားလည်မှု ရှိကြတယ်။

သူတို့က ကျွန်မကို တကယ်ကြုံတွေ့ရမယ့် လက်တွေ့လုပ်ငန်းခွင် အလုပ်တွေ လေ့ကျင့်ပေးပါတယ်။

နောက်တွဲယာဉ်ကို နောက်ဆုတ်ချိတ်တာ ၊ ဂီယာတွေ Floating ထားတာ အစရှိသဖြင့်ပေါ့။

အဲဒီနောက်တော့ အဲဒီကုမ္ပဏီမှာ အလုပ်စဝင်ခဲ့ပါတယ်။

ကျွန်မရဲ့တနေ့တာဟာ မနက် ၃း၃၀ လောက်မှာ စတင်လေ့ရှိပါတယ်။

အလုပ်က ၆း ၃၀ မှာ စပါတယ်။

ကျွန်မ မောင်းရတဲ့ ထရပ်ကား (ကုမ္ပဏီက ပိုင်တဲ့ကားပါ) ရပ်နားတဲ့နေရာက အိမ်ကနေဆို ၁၅ မိနစ်လောက် လမ်းလျှောက်သွားရတဲ့နေရာမှာ ရှိပါတယ်။

ဆက်သွယ်ရေးဌာနဆီကို ၁ နာရီလောက် ကားမောင်းသွားရပါတယ်။

ဒါကြောင့် ကျွန်မအနေနဲ့ ထရပ်ကားယူဖို့နဲ့ မမောင်းခင် စစ်ဆေးမှုတွေလုပ်ဖို့အတွက် အိမ်ကနေ ၄း၃၀ လောက် မှာ စထွက်ဖို့ လိုပါတယ်။

ကားကို အားလုံးစစ်ဆေးကြည့်ပြီးရင် ဆက်သွယ်ရေးဌာနဆီ မနက် ၆ နာရီမှာ မောင်းသွားပြီး တစ်နေ့တာ လုပ်ရမယ့် စာရင်းတွေ ရယူပါတယ်။
ရုံးကနေ ဖြန့်ဖြူးပို့ဆောင်ရမယ့် ခရီးစဉ်လမ်းကြောင်း ယူရပါတယ်။
တခါတလေမှာ ၅ နေရာနဲ့အထက် သွားရတယ်။

ကျွန်မက ဒေသတွင်းမှာပဲ အလုပ်လုပ်ပါတယ်။

ဖြန့်ဖြူးပို့ဆောင်ရတဲ့နေရာအားလုံးက ကျွန်မနေထိုင်တဲ့ ပြည်နယ်အတွင်းမှာပါပဲ။

အရမ်းဝေးတဲ့နေရာ မသွားပါဘူး။ တစ်ရက်ကို ပျှမ်းမျှ မိုင် ၃၀၀ ဝန်းကျင်ပဲ သွားရပါတယ်။


(ထရပ်ကားမောင်းခြင်း၏ အကောင်းဆုံးအချက်မှာ နေ့ရက်တိုင်းဟာ ကွဲပြားခြားနားတဲ့ အတွေ့အကြုံတွေ ရခြင်းဖြစ်))

ထရပ်ကား မမောင်းမီက ဂိုဒေါင်တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအလုပ်က အတော်ငြီးငွေ့စရာကောင်း ပါတယ်။

သင်္ဘောတင်ဖို့ ကွန်တိန်နာတွေထဲကို အိတ်တွေစီရပြီး တစ်နေ့လုံး အလုပ်တစ်မျိုးတည်းကိုပဲ ပျင်းစရာ ကောင်းအောင် လုပ်ရတယ်။ အခုဆိုရင် လူမျိုးစုံနဲ့ တွေ့ရတယ်။

နေရာမျိုးစုံ သွားရတယ်။ တချို့နေရာတွေဆိုရင် ဒီအလုပ်ကြောင့်သာ မဟုတ်ရင် ကျွန်မ ဘယ်တော့မှ ရောက်ဖူးမှာ မဟုတ်တဲ့ နေရာမျိုးတွေပါပဲ။

ထရပ်ကား မောင်းရတာ ကျွန်မကြိုက်တဲ့ နောက်တစ်ချက်က လွတ်လပ်မှုပါပဲ။

ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချလို့ရတယ်။

ဂိုဒေါင်မှာ လုပ်ခဲ့တုန်းက စီမံခန့်ခွဲမှုတွေ အရမ်းများတယ်လို့ ခံစားရတယ်။
၅ မိနစ် တစ်ခါလောက် ဘာလုပ်ပါဆိုပြီး အပြောခံရတယ်။

ကျွန်မက အဲဒါမျိုး မကြိုက်ဘူး။

ထရပ်ကား မောင်းသူဘဝမှာ ကျွန်မ ရပ်ချင်တဲ့နေရာ ကားရပ်လို့ရတယ်။

စားသောက်ဖို့ဖြစ်ဖြစ် ရေအိမ်ဝင်ဖို့ဖြစ်ဖြစ် ကြိုက်တဲ့နေရာ ရပ်လို့ရပါတယ်။

ကားမောင်းနေရင်းမှာပဲ အားလပ်ချိန် ရသလိုဖြစ်နေတာကိုလည်း ကျွန်မ သဘောကျတယ်။

နားကြပ်ကနေတဆင့် ကျွန်မခင်မင်သူတွေနဲ့ စကားပြောလို့ရတယ်။

ကျွန်မနှစ်သက်တဲ့ သီချင်းတွေ (ဒါမှမဟုတ်) Podcasts တွေ နားထောင်လို့ ရတယ်။

ကျွန်မက ကားမောင်းရင်း Crime Junkie Podcast နားထောင်ရတာ သဘောကျတယ်။

ဒါပေမဲ့ စိတ်ပျက်စရာကောင်းတဲ့အခါတွေလည်း ရှိပါတယ်။

ဒီအလုပ်ရဲ့ စိတ်ပျက်စရာ အကောင်းဆုံးကတော့ အလုပ်ချိန် ခန့်မှန်းလို့ မရတာပါပဲ။

ညနေ ၃ နာရီ အလုပ်ပြီးမယ်လို့ ခန့်မှန်းထားပေမယ့် ည ၆ နာရီ ၇ နာရီအထိ လုပ်ရတာမျိုး ရှိတယ်။

တကယ်လို့ ရှင်တို့အနေနဲ့ ပုံမှန် အလုပ်တစ်ခုကို သဘောကျတယ်ဆိုရင် ထရပ်ကားမောင်းတဲ့အလုပ်နဲ့ မသင့်တော်ဘူးလို့ ထင်ပါတယ်။

 

(ထရပ်ကားမောင်းသူ ဖြစ်လာခြင်းမှာ ကျွန်မဘဝ တစ်လျှောက် ချမှတ်ခဲ့ဖူးသော ဆုံးဖြတ်ချက်များတွင် အကောင်းဆုံးတစ်ခုဖြစ်)

ထရပ်ကားမောင်းသူ ဖြစ်မလာမီက ကျွန်မဟာ ဘဝမှာ ဘာလုပ်ချင်တယ်ဆိုတာ မသိခဲ့ပါဘူး။

ရိုးရိုးသားသားပြောရရင် ကောလိပ်ဆက်မတက်ဖြစ်ခဲ့တဲ့အပေါ် ကျွန်မ နောင်တမရပါဘူး။

အခုအချိန်မှာ ကျွန်မဟာ ရည်မှန်းချက်ရှိတယ်လို့ ခံစားရပါတယ်။

ဘာကြောင့်လဲဆိုတော့ တခြားသူတွေကိုလည်း ထရပ်ကားမောင်းတဲ့အလုပ် စဉ်းစားလာကြစေဖို့ နှိုးဆော်ချင် လို့ပါပဲ။

ထရပ်ကားမောင်းဖို့ စဉ်းစားနေသူတိုင်း ၊ အထူးသဖြင့် အမျိုးသမီးတွေကို ပြောချင်တာက လုပ်သာလုပ်ပါ။

အနာဂတ်မှာ ကျွန်မဟာ ကားပဲဆက်မောင်းနေဦးမှာပါပဲ။

ဒီအလုပ်က သွေးထဲအထိ စီးဆင်းနေတယ်။

တနေ့မှာ ကားပိုင်ရှင်တစ်ယောက်ဖြစ်လာဖို့ဟာ ကျွန်မရဲ့ အကြီးမားဆုံး စိတ်ကူးပါပဲ။

ကျွန်မလိုပဲ စိတ်တူကိုယ်တူ ထရပ်ကားမောင်းတဲ့ အမျိုးသမီးတွေနဲ့ အသိုက်အဝန်းလေးတစ်ခု တည်ထောင်ပြီး တစ်ဦးကိုတစ်ဦး ဖေးမ ကူညီချင်ပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: I quit college and became a truck driver. I doubted myself at first, but it's the best decision I've made for my career (businessinsider)

 Photo Credit:  Kiara Areli