BYD ၏ ထိုင်းနိုင်ငံရှိ EV စက်ရုံ ၂၀၂၄ ခုနှစ် တတိယ (၃) လပတ်တွင် ထုတ်လုပ်မှု စတင်မည်

  • 217 views

BYD ၏ ထိုင်းနိုင်ငံရှိ EV စက်ရုံကို ပြီးခဲ့သောနှစ် မတ်လက စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ် တတိယ ၃ လ ပတ်တွင် အပြီးသတ်ကာ ထုတ်လုပ်မှုများ စတင်တော့မည် ဖြစ်သည်။

ဘန်ကောက်မြို့တွင် ကျင်းပနေသော ကားပြပွဲတွင် ထိုအကြောင်းကို BYD က ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုင်းဈေးကွက်အပေါ် ၎င်းတို့၏ ပစ်မှတ်ထားမှုကို ပြသနေသည်။

ထိုင်းတွင် BYD ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်မြင့်ထုတ်လုပ်ရေးနည်းပညာ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နှင့် ဒေသခံတို့အတွက် အလုပ်အကိုင်နေရာများစွာ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ press release တွင် ဖော်ပြသည်။

ကျင်းပနေဆဲဖြစ်သော ၄၅ ကြိမ်မြောက် ဘန်ကောက်နိုင်ငံတကာ ကားပြပွဲကို ဧပြီလ ၇ ရက်အထိ ကျင်းပမည် ဖြစ်သည်။

မတ်လ ၂၅ ၊ ၂၆ မှာ မီဒီယာရက်အဖြစ် သတ်မှတ်ထားပြီး မတ်လ ၂၇ မှ ဧပြီ ၇ အထိကို အများပြည်သူများ လေ့လာဝယ်ယူနိုင်သောနေ့အဖြစ် သတ်မှတ်ထားသည်။

 

 

ဘန်ကောက် ကားပြပွဲတွင် BYD က Yangwang , Fang Cheng Bao နှင့် Denza တို့အပါအဝင် BYD ထုတ် အခြားကားမော်ဒယ်များ ပြသခဲ့သည်။
BYD သည် ဘန်ကောက်ကားပြပွဲတွင် ၎င်းတို့ထုတ်လုပ်သော မော်ဒယ်အားလုံးကို ပထမဆုံးအကြိမ် ပြသခဲ့ ခြင်းလည်း ဖြစ်သည်။

ဘန်ကောက်ပြပွဲတွင် BYD က ၂၀၂၄ မော်ဒယ် Atto 3 ခရီးဝေးသွားနိုင်သည့် ဗားရှင်းကို ပြသခဲ့သည်။

အဆိုပါမော်ဒယ်ကို တရုတ်ပြည်တွင် Yuan Plus ဟု ခေါ်ကြသည်။

Denza D9 MPV (ဘက်စုံသုံးယာဉ်) ကို အကြိုရောင်းချမှုများ ပြုလုပ်ပေးနေပြီ ဖြစ်သည်။

BYD သည် ညာမောင်း Song Max EV, the BYD Sealion (တရုတ်ပြည်တွင် Sea Lion 07 ဟုခေါ်) နှင့်  BYD Seal U---(တရုတ်ပြည်တွင် Song Plus EV ဟုခေါ်) တို့ကိုလည်း ပြသခဲ့သည်။

ထို့အပြင် Yangwang U9 နှင့် Fang Cheng Bao’s Bao 5 တို့ကိုလည်း ထိုင်းနိုင်ငံတွင် ပထမဆုံးပြသခဲ့သည်။

BYD သည် ထိုင်းနိုင်ငံတွင် EV စက်ရုံ ဆောက်လုပ်ရန်အတွက် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလတွင် ထိုင်းစက်မှု အိမ်ခြံမြေ Developer ဖြစ်သော WHA Industrical Development PLC နှင့် မြေဝယ်ယူမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

 

 

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် BYD သည် ထိုစက်ရုံ အုတ်မြစ်ချ အခမ်းအနားအပြင် ထိုင်းတွင် BYD Atto 3 အစင်းရေ ၉၉၉၉ နှင့် အစင်းရေ ၁၀,၀၀၀ မြောက် မော်တော်ကားများ ဖြန့်ချိသည့် အခမ်းအနားများ ကျင်းပခဲ့ သည်။

ဤစက်ရုံမှ တစ်နှစ်လျှင် ကားအစင်းရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း BYD က ထုတ်ပြန်သည်။

ထို့အပြင် ယခုနှစ်ဇန်နဝါရီလအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံရှိ စက်ရုံမှလည်း စတင်ထုတ်လုပ်နေပြီ ဖြစ်သည့် အပြင် ဟန်ဂေရီနှင့် ဘရာဇီးတို့တွင်လည်း ကားစက်ရုံများ ဆောက်လုပ်နေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: BYD's EV plant in Thailand to start production in Q3 2024 (cnevpost)

Photo Credit:  BYD