• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • စင်္ကာပူတွင် ကလပ်များ၌ မိန်းကလေးများကို ပန်းကုံးစွပ်ခဲ့သော ပန်းကုံးကြွေးများ ဆပ်ရန် မိခင်ကြီး၏ Rolls Royce နှင့် Mini Cooper SE ကား ၂ စင်းကို မိခင်၏လက်မှတ်အတုထိုးကာ ရောင်းချခဲ့သော စင်္ကာပူအမျိုးသား

စင်္ကာပူတွင် ကလပ်များ၌ မိန်းကလေးများကို ပန်းကုံးစွပ်ခဲ့သော ပန်းကုံးကြွေးများ ဆပ်ရန် မိခင်ကြီး၏ Rolls Royce နှင့် Mini Cooper SE ကား ၂ စင်းကို မိခင်၏လက်မှတ်အတုထိုးကာ ရောင်းချခဲ့သော စင်္ကာပူအမျိုးသား

  • 228 views

စင်္ကာပူတွင် တျောင်းဟွာ (ပန်းကုံးစွပ်) ကလပ်များ၌ မိန်းကလေးအဆိုတော်များကို ပန်းကုံးများဝယ်ယူကာ ပန်းကုံးစွပ်ခဲ့သော အကြွေးများဆပ်ရန် အမျိုးသားတစ်ဦးသည် မိခင်ကြီး၏ ကား ၂ စင်းကို စာရွက်စာတမ်း အတုများလုပ်ကာ ကားကုမ္ပဏီတစ်ခုထံ ရောင်းချခဲ့သည်။

လျူကွေ့လျန်အမည်ရှိ ထိုအမျိုးသားသည် လိမ်လည်ရောင်းချမှု ၂ ခုအတွက် ထောင်ဒဏ် ၁၂ ပတ် ချမှတ်ခံ ထားရသည်။

မတ်လ ၂၇ ရက်က တရားရုံးအမိန့်တွင် ဖော်ပြသည်မှာ လျူကွေ့လျန်သည် ကလပ်များသို့ မကြာခဏသွားကာ မိန်းကလေးအဆိုတော်များအား ပန်းကုံးများစွပ်ခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ကြွေးမြီများ များပြားလာခဲ့ ကြောင်း ဖော်ပြသည်။

ထိုအကြွေးများကိုဆပ်ရန် အလောသုံးဆယ် ငွေလိုလာသောကြောင့် လျူကွေ့လျန်က မိခင်ကြီး ပိုင်သော Rolls Royce Dawn 6.6 V12 နှင့် Mini Cooper SE ၂ စင်းကို ရောင်းရန် ဆုံးဖြတ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်တွင် လျူသည် ကားအရောင်းကုမ္ပဏီတစ်ခုဖြစ်သော Autoart Singapore မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတာ လိုလိုင်စန်းကို ဆက်သွယ်ခဲ့သည်။

၎င်းက မိခင်ကြီးပိုင်သော ကား ၂ စင်းရောင်းလိုကြောင်း မစ္စတာလိုလိုင်စန်းအား ပြောခဲ့သည်။

ထို့နောက် Rolls Royce ကို စင်္ကာပူဒေါ်လာ ၇၀၀,၀၀၀ (ကန်ဒေါ်လာ ၅၁၉,၄၀၀) နှင့် Mini Cooper ကို စင်္ကာပူဒေါ်လာ ၁၃၀,၀၀၀ ဖြင့် အရောင်းအဝယ်လုပ်ရန် သဘောတူခဲ့ကြသည်။

Autoart က အရောင်းအဝယ်သဘောတူစာချုပ်များ စီစဉ်ကာ လျူထံ Whatsapp မှတဆင့် ပေးပို့လိုက်သည်။

 

(လိမ်ညာမှုနှင့် အတုပြုလုပ်ခြင်း))

လျူက မစ္စတာလိုအား လိမ်ညာပြောဆိုသည်မှာ သူ၏ မိခင်ကြီး စင်္ကာပူတွင်ရှိနေလျက်နှင့် မိခင်ကြီးမှာ ထိုင်ဝမ်တွင်ရောက်နေကြောင်း လိမ်ညာခဲ့သည်။

ထို့နောက် မိခင်ဖြစ်သူ ထိုင်ဝမ်မှ ပြန်ရောက်ပါက မိခင်အား လက်မှတ်ထိုးခိုင်းမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ယင်းနောက် လျူက သူ့မိခင်၏ လက်မှတ်ကို တရုတ်ဘာသာဖြင့် အတုထိုးကာ အရောင်းအဝယ်စာချုပ်ကို မစ္စတာလိုထံ Whatsapp မှတဆင့် ပြန်လည်ပေးပို့ခဲ့သည်။

Autoart မှ အခြားကိုယ်စားလှယ်တစ်ဦးက ကား ၂ စင်း အရောင်းအဝယ်ကို အတည်ပြုပေးရန် လျူ့မိခင်ကြီး၏ ဖုန်းနံပါတ်တောင်းခဲ့သည်။

ထိုအခါ လျူက ထိုင်ဝမ်မှ သူငယ်ချင်းတစ်ဦးအား ဖုန်းခေါ်ဆိုမှုတစ်ခု ကူညီဖြေကြားပေးရန် အကူအညီတောင်း ကာ ထိုသူ၏ ဖုန်းနံပါတ်ကို ပေးလိုက်သည်။

Autoart က ထိုသူထံဆက်သွယ်သောအခါ ကား ၂ စင်းရောင်းမည်ဟု ပြောလိုက်သဖြင့် Autoart က လျူ၏ မိခင်က သဘောတူသည်ဟု ယုံကြည်သွားခဲ့သည်။

ယင်းနောက် မစ္စတာလိုက Rolls Royce အတွက် စင်္ကာပူ ဒေါ်လာ ၁၀၀၀၀၀ နှင့် Mini Cooper အတွက် စင်္ကာပူ ဒေါ်လာ ၅၀,၀၀၀ ကို စရန်အဖြစ် လျူထံ PayNow မှတဆင့် ပေးပို့ခဲ့သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တွင် လျူ၏ မိခင်က လျူအား မိမိခွင့်မပြုဘဲ လက်မှတ်အတုလုပ်ကာ ကားများ ရောင်းချမှုဖြင့် ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့သည်။

ဤအမှုတွင် တရားခံအား ထောင်ဒဏ် ၄ လမှ ၆ လအထိ ချမှတ်ရန် တင်ပြခဲ့ကြောင်း လက်ထောက် အစိုးရ ရှေ့နေ Vishnu Menon က ပြောသည်။

အမှုနှင့် သက်ဆိုင်သည့် ကားများ၏ ငွေကြေးတန်ဖိုးမှာ အလွန်မြင့်မားကြောင်း၊ ကြိုတင်အကွက်ချ စီစဉ်မှုများ ပါဝင်နေကြောင်း၊ ထိုင်ဝမ်အခြေစိုက်နေထိုင်သူတစ်ဦးက ပူးပေါင်းလိမ်လည်ပေးခဲ့ခြင်းဖြစ်ကြောင်း အစိုးရ ရှေ့နေက ပြောသည်။

တရားခံ၏ ရှေ့နေ Vijai Dharamdas Parwani ကမူ ဒဏ်ငွေသာ ချမှတ်ရန် တင်ပြခဲ့သည်။

Autoart က စရံပေးထားသော စင်္ကာဒေါ်လာ ၁၅၀,၀၀၀ ကို လျူ၏ မိခင်က ပြန်ပေးလိုက်ပြီဖြစ်သည်။

ကား ၂ စင်းမှာ လျူ၏ မိခင်ကြီးထံ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း Parwani က ပြောသည်။

တရားရုံးက လျူအား ထောင်ဒဏ် ရက်သတ္တ ၁၂ ပတ် ချမှတ်ထားသည်။

လျူက အယူခံတင်ပြထားကာ အယူခံ စောင့်ဆိုင်းနေချိန်ကာလအတွင်း အာမခံဖြင့် နေထိုင်နေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Man forged mother's signature to sell her Rolls Royce to settle debts from gifting flower garlands at clubs (CNA) 

Photo Credit:  CNA/Jeremy Long