- ပင်မစာမျက်နှာ
- ကားသတင်းများ
- Xiaomi ၏ စီအီးအိုက Xiaomi SU7 4WD ကို ပေကျင်းမှ ရှန်ဟိုင်းအထိ ကီလိုမီတာ ၁၀၀၀ ကျော် စမ်းသပ်မောင်းနှင်
Xiaomi ၏ စီအီးအိုက Xiaomi SU7 4WD ကို ပေကျင်းမှ ရှန်ဟိုင်းအထိ ကီလိုမီတာ ၁၀၀၀ ကျော် စမ်းသပ်မောင်းနှင်
- 141 views
Xiaomi SU7 ကို ဈေးကွက်သို့ မတ်လ ၂၈ ရက်တွင် မဖြန့်ချိမီ အစင်းရေ ၅၀၀ ကျော်ကို စမ်းသပ်မောင်းနှင် ခဲ့ကြောင်း Xiaomi ၏ ဥက္ကဌ၊ စီအီးအို Lei Jun က က သူ၏ Weibo လူမှုကွန်ရက်အကောင့်တွင် ထုတ်ဖော် ပြောကြားလာသည်။
နမူနာကား အစင်းရေ ၅၇၆ စင်းကို နိုင်ငံတဝန်း လမ်းများပေါ်တွင် လက်တွေ့စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၅ ဒသမ ၄ သန်းကီလိုမီတာခရီး စမ်းသပ်ခဲ့ကြောင်း Lei Jun က ပြောသည်။
အဆိုပါ လမ်းပေါ်လက်တွေ့စမ်းသပ်မှုတွင် Xiaomi ၏ အမှုဆောင်အရာရှိများအပြင် Lei Jun ကိုယ်တိုင် ပါဝင်ခဲ့ပြီး ၎င်းကိုယ်တိုင် ကီလိုမီတာ ၃၀၀၀ စမ်းသပ်မောင်းနှင်ခဲ့သည်။
Lei Jun မောင်းနှင်ခဲ့သော ခရီးစဉ်တွင် ပေကျင်းမှ ရှန်ဟိုင်းအထိ ၁၅ နာရီ ကြာမြင့်သောခရီးလည်း ပါဝင်သည်။
“Xiaomi SU7 ကို လမ်းပေါ်စမ်းသပ်မှုမှာ Xiaomi ရဲ့ အမှုဆောင်တွေ အပြည့်အဝ ပါဝင်ခဲ့ကြပါတယ်။ ကျွန်တော်လည်း လမ်းပေါ်စမ်းသပ်မှုမှာ ပါဝင်ခဲ့ပြီး ကီလိုမီတာ ၃၀၀၀ ကျော် မောင်းနှင်ခဲ့ပါတယ်။ အဝေးဆုံး မောင်းနှင်စမ်းသပ်မှုက ဇန်နဝါရီလ ၅ ရက်မှာ ပေကျင်းကနေ ရှန်ဟိုင်းအထိ မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ ခရီးအကွာအဝေးက ၁၂၇၆ ကီလိုမီတာ ရှိပါတယ်။ ဒီခရီးကို ကျွန်တော် တစ်ယောက်ထဲ မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ ၁၅ နာရီကြာတဲ့ ခရီးစဉ်တလျှောက် SU7 Full-speed NOA mode ကို အသုံးပြုခဲ့ပါတယ်။ ပျမ်းမျှ 100 km/h နဲ့ မောင်းနှင်ခဲ့ပြီး အား ၂ ကြိမ်သွင်းရပါတယ်”ဟု Lei Jun က Weibo တွင် ရေးသားဖော်ပြသည်။
“Xiaomi SU7 နမူနာကား ၅၇၆ စင်းကို နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၃၀၀ မှာ စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။ စမ်းသပ်တဲ့နေရာတွေထဲမှာ အပူချိန် ရေခဲမှတ်အောက် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ Herihe မြို့ကနေ ၆၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ Turpan မြို့တွေအထိ ပါဝင်ပါတယ်။
ဒါ့အပြင် ၄၇၆၈ မီတာ မြင့်မားတဲ့ ခွန်လွန် တောင်တန်း ပေါ်မှာလည်း စမ်းသပ်ခဲ့တယ်။ ကားရဲ့တန်ဖိုးက ယွမ်ငွေ ၂ သန်းကျော် (ကန်ဒေါ်လာ ၂၇၆၆၀၀) ကနေ စမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
Xiaomi SU7 ၏ အရွယ်အစားမှာ 4997/1963/1455 mm ရှိပြီး Wheelbase မှာ 3000 mm ဖြစ်သည်။
4WD မော်ဒယ်တွင် ဆွဲအား 495 KW ရှိပြီး ရုန်းအား 838 Nm ရှိသည်။
0-100 km/h ကို 2.78 စက္ကန့်ဖြင့် ရရှိနိုင်ပြီး အမြင့်ဆုံးမောင်းနှင်နိုင်သည့် မြန်နှုန်းမှာ 265 km/h ဖြစ်သည်။
အရောင်အနေဖြင့် Twilight Purple နှင့် metallic ဟူ၍ ၂ မျိုးရွေးချယ်နိုင်ကြောင်း Lei Jun က မတ်လ ၂၁ ရက်တွင် ကြေညာထားသည်။
ကားများ၏ ဈေးနှုန်းမှာ ယွမ်ငွေ ၂ သန်းကျော် (ကန်ဒေါ်လာ ၂၇၆၆၀၀) ကျသင့်မည်ဖြစ်ကြောင်းလည်း Lei Jun က Weibo တွင် ရေးသားဖော်ပြထားသည်။
Xiaomi ၏ ၂၀၁၃ ခုနှစ် စုစုပေါင်းဝင်ငွေမှာ ယွမ် ၂၇၁ ဘီလီယံရှိခဲ့သည်။
Xiaomi သည် စမတ်လျှပ်စစ်ကားများအပါအဝင် သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍအတွက် ယွမ်ငွေ ၆ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။
Xiaomi SU7 ပထမတစ်သုတ်ကို နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၂၉ မြို့ရှိ ဖြန့်ချိရေးစင်တာများမှတဆင့် ရောင်းချပေး သွားမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Xiaomi CEO drove an SU7 from Beijing to Shanghai on a 15-hour road trip (carnewschina)
Photo Credit: carnewschina