လျှပ်စစ်မီးမှန်ပါက EV ကားရောင်းအား ပိုမိုမြင့်တက်လာမည်

  • 109 views

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်ကားအပေါ် လူထုစိတ်ဝင်စားမှုမြင့်တက်နေသော်လည်း လျှပ်စစ်မီး မမှန်တာကြောင့် သုံးစွဲသူနည်းပါးနေကြောင်း EV ကားတင်သွင်း ရောင်းချသူများထံမှသိရသည်။

ဈေးနှုန်း သက်သာခြင်းနှင့် စက်သုံးဆီ မဝယ်ရခြင်းတို့ကြောင့် စိတ်ဝင်စားမှုမြင့်တက်နေသော်လည်း ပြည်တွင်း၌ လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကြောင့် EV ကား အမှန်တကယ် ဝယ်ယူသုံးစွဲရန် ရေပန်းစားမှု အလားအလာ နည်းနေခြင်းဖြစ်သည်။

“EVကားကို နေ့စဉ် လာရောက် စုံစမ်းလေ့လာသူတွေရှိနေပါတယ်။ အရောင်းပိုင်းမှာကျတော့ ပိုက်ဆံရှိတဲ့သူတိုင်း မဝယ်နိုင်ဘူး အိမ်မှာမီးပျက်ရင် မီးစက်ထွန်းပြီးနေတဲ့ သူတွေလောက်ဘဲ ဝယ်နိုင်သေးတယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံးမှာ EV ကားအစီးရေ နှစ်ထောင်လောက်ဘဲ သုံးတဲ့သူရှိနေတာပါ။” ဟု မြန်မာ့မော်တော် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း MAMDA မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်အတွင်း EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း(၈၀၀) ကျော်မှ ကျပ်သိန်း (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်၌ EV ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ရန် ကုမ္ပဏီ (၈၀) ကျော်ကို လုပ်ကိုင်ခွင့် ပြုပေးထားသော်လည်း အမှန်တကယ် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီ (၃၀) ကျော်ခန့်သာရှိကြောင်း ဝါရင့်ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ခွင့်ပြုထားပြီး အဆိုပါ ယာဉ်များအနက် EV လူစီးမော်တော်ယာဉ် (၁၈၇၇)စီးနဲ့ ကုန်တင်(ဝန်ပေါ့) ယာဉ် (၁၁) စီးပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com