မိန်းကလေးစက်ပြင်ဆရာများသာ ခန့်ထားသော အမေရိကန်က ကားဝပ်ရှော့

  • 287 views


အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေးနီးယားပြည်နယ်မှ မိန်းကလေးတစ်ဦးသည် လစာသိန်းဂဏန်း ရနေသော အင်ဂျင်နီယာအလုပ်မှထွက်ကာ စက်ပြင်သင်တန်းတက်ပြီးနောက် သူနေထိုင်ရာ ဒေသဝန်းကျင်ရှိ ကားပြင်ဆိုင်များတွင် စေတနာ့ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကားပြင်ပုံကို လေ့လာခဲ့သည်။

အတွေ့အကြုံ အလုံအလောက်ရရှိသွားချိန်တွင် Girls Auto Clinic  (GAC) အမည်ဖြင့် ကားဝပ်ရှော့တစ်ခု တည်ထောင်ခဲ့သည်။

GAC သည် အမေရိကန်ပြည်ထောင်စုတွင် မိန်းကလေးဝန်ထမ်းများသာရှိသည့် ပထမဆုံး ကားဝပ်ရှော့လည်း ဖြစ်သည်။

၎င်းတို့၏ ဝပ်ရှော့က မော်တော်ကားပြင်သည့် မန်ဘာများ၊ ကားနှင့်ပတ်သက်သော ပညာပေးပို့ချမှုများ၊ ကားစက်ပြင်ခြင်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ စီစဉ်ပေးသည်။

ကားပြင်ရန် မိမိတို့ဘာသာလေ့လာနေသည့် အမျိုးသမီးများအတွက် စီစဉ်ပေးခြင်း ဖြစ်သည်။

ပက်ထရီး ဘန့်စ်အမည်ရှိ မိန်းကလေးသည် ယခင်က DuPont တွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။


((မှတ်ချက်။ DuPont သည် ယမ်းမှုန့် ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် ၁၈၀၂ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သည်။ ပိုးတု၊ နိုင်လွန်နှင့် ကဗလာတို့ကို တီထွင်ခဲ့မှုဖြင့် ကမ္ဘာကျော်သည်)

ထိုသို့လုပ်ကိုင်နေရင်း စက်ပြင်ညကျောင်းတွင် တက်ရောက်ခဲ့သည်။
ထိုအချိန်တွင် သူ၏အသက်မှာ ၃၀ အရွယ်ရှိပြီဖြစ်ပြီး စက်ပြင်ညကျောင်းတွင် တစ်ဦးတည်းသော မိန်းကလေး သင်တန်းသူ ဖြစ်သည်။

ကျန်သင်တန်းသားများမှာ အသက် ၁၈၊ ၁၉ အရွယ်သာ ရှိသေးသော လူငယ်လေးများ ဖြစ်သည်။

“ကားပျက်တိုင်း အကူအညီတောင်းဖို့ ယောက်ျားလေးတစ်ယောက် လိုက်ရှာနေရတာ စိတ်ကုန်ပါတယ်။ ကျွန်မအပေါ် အခွင့်ကောင်းယူသွားမှာလည်း ကြောက်တယ်”ဟု ပက်ထရီးက Int.Business Times သို့ ပြောသည်။
သို့နှင့် ပက်ထရီးက ကားပြင်ပုံကို မလျှော့သောလုံ့လနှင့် လေ့လာခဲ့ကာ လုံလောက်သော အတွေ့အကြုံများ ရရှိလာချိန်တွင် ၂၀၁၃ ခုနှစ်အတွင်း GAC ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ဆိုင်တည်နေရာမှာ ပန်ဆယ်ဗေးနီးယားပြည်နယ်၊ Upper Darby မြို့တွင် တည်ရှိသည်။

သူ၏ ဆယ်စုနှစ်တစ်ခုကြာ စိုးရိမ်ပူပန်ခဲ့ရမှုများကို အခြေခံကာ သူ၏ဆိုင်တွင် စီးပွားရေးအကြံဉာဏ်ကောင်းများ အသုံးပြုထားသည်။

“ကျွန်မနဲ့ သူငယ်ချင်းကောင်မလေး DuPont မှာ အလုပ်လုပ်ခဲ့တုန်းက ဒီနားမှာ နေ့လည်စာ လာစားလေ့ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်ဘေးကပ်လျက်မှာ လက်သည်းအလှပြင်ဆိုင် ရှိလို့ပါ။ ကားဆီလဲတာ စောင့်နေတုန်း လက်သည်းအလှပြင်ကြတယ်” ဟု ပက်ထရီးက ရှင်းပြသည်။

မိမိသိသော အခြားအမျိုးသမီးတိုင်းနီးပါး ကားဆီလဲရခြင်းကို မုန်းတီးကြောင်း ပက်ထရီးက ပြောသည်။

 

(ဓာတ်ပုံ-Girls Auto Clinic Facebook)

ပက်ထရီး၏ဆိုင်တွင် ကားပြင်စောင့်ဆိုင်းသူတို့အတွက် Wifi ၊ အဆာပြေ စားစရာမုန့်၊ အဖျော်ယမကာ၊ စာအုပ်ရာပေါင်းများစွာ စီစဉ်ပေးထားသည့်အပြင် Clutch Beauty Clinic အမည်ရှိ ခြေသည်းလက်သည်း အလှပြင်ဆိုင်တစ်ခုလည်း ဖွင့်လှစ်ပေးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: All-Female Auto Repair Shop Lets Clients Get Mani-Pedis While Waiting For Their Cars  ((Girls Auto Club Facebook))

Photo Credit:  ((Girls Auto Club Facebook))