- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ EV များအား အခွန်တိုးမြှင့်ကောက်ခံရန် အမေရိကန်အထက်လွှတ်တော်အမတ်များက သမ္မတ ဘိုင်ဒန်အား တောင်းဆိုလိုက်ပြီးနောက် BYD Seagull ၏ ဈေးနှုန်း ဒေါ်လာ ၁၀,၀၀၀ အောက် ပြုတ်ကျ
တရုတ်ပြည်မှ EV များအား အခွန်တိုးမြှင့်ကောက်ခံရန် အမေရိကန်အထက်လွှတ်တော်အမတ်များက သမ္မတ ဘိုင်ဒန်အား တောင်းဆိုလိုက်ပြီးနောက် BYD Seagull ၏ ဈေးနှုန်း ဒေါ်လာ ၁၀,၀၀၀ အောက် ပြုတ်ကျ
- 357 views
အမေရိကန်အထက်လွှတ်တော်အမတ်အုပ်စုတစ်ခုက သမ္မတ ဂျိုးဘိုင်ဒန်ထံ စာရေးသားကာ တရုတ်ပြည်မှ ကားများကို အခွန်တိုးမြှင့်ကောက်ခံရန် တိုက်တွန်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
အထက်လွှတ်တော်အမတ်များဖြစ်သော မီချီဂန်ပြည်နယ်မှ Gary Peters နှင့် Debbie Stabenow ၊ အိုဟိုင်းအိုး ပြည်နယ်မှ Sherrod Brown တို့က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် အမေရိကန် ကုန်သွယ်ရေး တာဝန်ခံတို့ ထံ စာရေးသားပေးပို့ခဲ့ပြီး ပုဒ်မ ၃၀၁၊ တရုတ်ပြည်ထုတ် EV များအပေါ်အခွန်ကောက်ခံမှုကို ချက်ချင်းတိုးမြှင့်မှု များ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
လက်ရှိအခြေအနေအရပ်ရပ်အရဆိုလျှင် ၎င်းတို့၏ လုပ်ဆောင်မှုမှာ နားလည်ပြီးသား ပုစ္ဆာတစ်ခုကို ပြန်ရှင်းပြ နေသကဲ့သို့ ဖြစ်နေသည်။
အမေရိကန်ဈေးကွက်သို့ နောက်တံခါးမှ ဝင်မည့် အခြေအနေအပေါ် စတင်စုံစမ်းနေကြောင်း အိမ်ဖြူတော်က ကြေညာထားပြီး ဖြစ်သည်။
တရုတ်ပြည်မှ ကားကုမ္ပဏီတို့သည် မက္ကဆီကိုနိုင်ငံတွင် စက်ရုံများတည်ထောင်ကာ အမေရိကန်ဈေးကွက်သို့ ဝင်နိုင်ရန် ကြိုးပမ်းနေကြသည်။
အဆိုပါ စုံစမ်းမှုနှင့် စပ်လျဉ်းပြီး အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်မှာ “တရုတ်ပြည်ရဲ့မူဝါဒဟာ ကျွန်တော်တို့ရဲ့ဈေးကွက်ကို သူတို့ကားတွေပြည့်နှက်နေစေဖို့ ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိပါတယ်”ဟု ဖော်ပြသည်။
“ကျွန်တော်ရဲ့မျက်စိအောက်မှာ ဒီလိုအဖြစ်မခံပါဘူး”ဟု သမ္မတဂျိုးဘိုင်ဒန်က ပြောသည်။
မက္ကဆီကိုတွင် စက်ရုံဆောက်လုပ်ရန် စီစဉ်နေသော တရုတ်ပြည်မှ ကုမ္ပဏီများအနက် တစ်ခုမှာ Tesla ၏ အဓိကပြိုင်ဘက် BYD ဖြစ်သည်။
BYD သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး EV ကားထုတ်လုပ်သူလည်း ဖြစ်သည်။
BYD သည် မကြာသေးမီက EV ဈေးနှုန်းစစ်ပွဲတစ်ရပ် ဆင်နွှဲလိုက်ပြီး ၎င်း၏ ကားဈေးနှုန်းများကို ထပ်မံလျှော့ချ ပေးလာသည်။
ထို့ကြောင့် BYD ထုတ်မော်ဒယ်တစ်ခုမှာ ဒေါ်လာ ၁၀,၀၀၀ အောက်ထိ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။
BYD ထုတ် Seagull hatch Glory edition ၏ ဈေးနှုန်းမှာ ယခုအခါ ဒေါ်လာ ၉,၇၀၀ မျှဖြင့် စတင်ဝယ်ယူ နိုင်သည်။
ပိုမိုကြီးမားသော ဘက်ထရီနှင့် ခရီးမိုင်ပိုမောင်းနိုင်သော မော်ဒယ်များမှာမူ ဒေါ်လာ ၁၁,၉၃၀ ခန့်ရှိသည်။
ယခင်က အဆိုပါ မော်ဒယ်တို့၏ ဈေးနှုန်းမှာ ဒေါ်လာ ၁၄,၀၀၀ ခန့် ရှိသည်။
တရုတ်ပြည်ထုတ် လျှပ်စစ်ကားများအပေါ် လက်ရှိကောက်ခံနေသော အခွန် ၂၅ ရာခိုင်နှုန်း ပေါင်းထည့်လျှင်ပင် BYD Seagull ၏ ဈေးနှုန်းမှာ ဒေါ်လာ ၁၅,၀၀၀ ခန့်ဖြင့် ဝယ်ယူနိုင်ရာ ထိုဈေးတန်းမှာ Tesla အပါအဝင် အမေရိကန်ပြည်တွင်း ကားထုတ်လုပ်သူများအတွက် ယှဉ်ပြိုင်နိုင်ရန် အလွန်ခက်ခဲသည်။
“ကုန်သွယ်ရေးအတားအဆီးတွေသာ မထားဘူးဆိုရင် သူတို့တွေဟာ ကမ္ဘာပေါ်က ကားကုမ္ပဏီအများစုကို ချေမှုန်းဖျက်ဆီးသွားပါလိမ့်မယ်”ဟု Elon Musk က ပြောခဲ့ဖူးသည်။
“တရုတ်ပြည်က တန်ဖိုးနည်းတဲ့ကားတွေ အမေရိကန်ကို အလုံးအရင်း ဝင်ရောက်လာတာဟာ အမေရိကန် နိုင်ငံသားတွေရဲ့ အလုပ်အကိုင်နေရာ ထောင်ပေါင်းများစွာ ဆုံးရှုံးနိုင်တဲ့အပြင် အမေရိကန်ကားလုပ်ငန်း ရှင်သန်ရေးအတွက် အန္တရာယ်ဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်”ဟု အထက်လွှတ်တော်အမတ်တို့က သမ္မတထံ ပေးပို့သောစာတွင် ရေးသားထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD Seagull price drops below $10,000 as senators urge Biden to boost Chinese EV import tariffs (notebookcheck)
Photo Credit: notebookcheck