တစ်ဆင့်ပြန်ရောင်းချခြင်းများကြောင့် EV ကား စွမ်းဆောင်ရည်ကိုသေချာလေ့လာပြီးမှသာ ဝယ်ယူသင့်ဟုဆို

  • 382 views

မြန်မာနိုင်ငံတွင် EV ကားများကို ဈေးကွက်အတွင်း ဝယ်ယူပြီး တစ်ဆင့်ပြန်ရောင်းချသူ များပြားနေရာ ကားဝယ်ယူသူများအနေဖြင့် EV ကား ၏ စွမ်းဆောင်ရည်ကို သေချာလေ့လာကာ ဝယ်ယူသင့်ကြောင်း ကားလောက ကျွမ်းကျင်သူများက ပြောသည်။

EV ကားများကို သုံံးစွဲနေသူများသည် ဈေးနှုန်းနှင့် အမှတ်တံဆိပ်ပေါ်တွင်သာကြည့်ကာ ဝယ်ယူနေပြီး အမှန်တကယ်သုံးစွဲရာတွင် အခက်အခဲများကြုံတွေ့လာချိန်၌ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

“တစ်ချို့ကားတွေက အားသွင်းချိန်အရမ်းကြာပါတယ်၊ ကားအမျိုးအစားတချို့က Charging Station ရောက်ရောက်ချင်းအားသွင်းတာ ချက်ချင်းသွင်းမရဘူး၊ Battery Cooling System မပါလို့ အချိန်စောင့်ပြီးမှ အားသွင်းရတာမျိုးတွေရှိတယ်၊ EV ကားတွေရဲ့အသက်လို့ ပြောရမှာက Battery နဲ့ Motor ပါ။ ဒါ့ကြောင့် မဝယ်ခင် သေသေချာချာ လေ့လာပါ၊ Design ထက် Battery နဲ့ motor အဓိကထား ဦးစားပေးစေချင်ပါတယ်” ဟု EV ကားလက်ရှိသုံးစွဲနေသူ ကိုကျော်ကျော်ထွန်းက ပြောသည်။

သာမန်စက်သုံးဆီကားများနှင့် ပတ်သတ်သော ဗဟုသုတများကို မြန်မာပြည်မှ ကားပိုင်ရှင်များမှာ အလွယ်တကူ သိရှိထားကြသော်လည်း EV ကားဆိုင်ရာဗဟုသုတများ သိရှိမှုအားနည်းကြောင်း သိရသည်။

သက်ဆိုင်ရာက EV ကားတင်သွင်းခွင့်အတွက် ကုမ္ပဏီပေါင်း (၈၀) အထိ ခွင့်ပြုထားရာ ဈေးကွက်အတွင်း EV ကား အမှတ်တံဆိပ်မျိုးစုံ၊ ဘတ်ထရီပါဝါမျိုးစုံဖြင့် ရောင်းချနေခြင်းဖြစ်သည်။

“ဆီကားထက်ဈေးသက်သာတယ် ကားအသစ်လဲရတယ်ဆိုပြီးဝယ်ကြတယ်။ တကယ်စီးကြည့်မှ အားဖြည့်ချိန်ကြာတာတို့ အလေးချိန် အများကြီး မတင်နိုင်တာတို့ ကြုံပြီးတော့ ပြန်ရောင်းမယ်ဖြစ်ကုန်ရော။ ဈေးကွက်ထဲမှာလဲ ရောင်းရင်အရှုံးသိပ်မရှိတော့ ပြန်ရောင်းတဲ့သူများလာတာ‌ပေါ့။ တကယ် နာမည်ကျော် EV ကားအမျိုးအစားစီးနေတဲ့သူတွေက ပြန်ရောင်းတာ သိပ်မရှိပါဘူး” ဟု EV ကားတင်သွင်းရောင်းချသူ တစ်ဦးကပြောသည်။

ပြည်တွင်းဈေးကွက်အတွင်း EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း (၈၀၀) ကျော်မှ ကျပ်သိန်း (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေကြောင်း သိရသည်။

ယခင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ခွင့်ပြုထားပြီး အဆိုပါ ယာဉ်များအနက် EV လူစီးမော်တော်ယာဉ် (၁၈၇၇)စီးနဲ့ ကုန်တင်(ဝန်ပေါ့) ယာဉ် (၁၁) စီးပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com