ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ် Bugatti ဝယ်ယူခွင့် ရာသက်ပန် ပိတ်ပင်ခံရခြင်း၏ အကြောင်းရင်း

  • 4900 views

YouTube မှ ထိပ်သီးနာမည်ကြီး၊ အားကစားသမား၊ ထိပ်တန်းရုပ်ရှင်ကြယ်ပွင့်များတွင် တန်ဖိုးကြီး လှပသော ကား မကြိုက်သူဟူ၍ ရှားပါးသည်။

တန်ဖိုးကြီးကားတို့သည် ထိုသူတို့၏ ကျော်ကြားမှု အဆင့်အတန်းကို ထင်ဟပ်ဖော်ပြခြင်းလည်း ဖြစ်သည်။

Ferrari,Lamborghini နှင့် Rolls-Royce အစရှိသောကားများစီးရခြင်းသည် ချမ်းသာကြွယ်ဝ ကျော်ကြားမှု၏ အကြီးမားဆုံးသော အကျိုးကျေးဇူးများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

သို့သော် တစ်ခုသော ကမ္ဘာကျော် ကားအမှတ်တံဆိပ်နှင့်အတူ မည်သည့်အခါမှ တွေ့ရမည်မဟုတ်သော ပုဂ္ဂိုလ်တစ်ဦးမှာ တွမ်ခရုစ် ဖြစ်သည်။
တွမ်ခရုစ်သည် ကမ္ဘာ့ထိပ်တန်းကားအမှတ်တံဆိပ်ဖြစ်သော Bugatti ဝယ်ယူခွင့် ရာသက်ပန် ပိတ်ပင်ခံထားရသူ ဖြစ်သည်။

 

 

(ဓာတ်ပုံ-Scott Olson/Getty Images)

 

ကမ္ဘာပေါ်တွင် အမြန်ဆုံး ကားများတွင် ပါဝင်သော ကားအချို့ကို ထုတ်လုပ်သူ ပြင်သစ်ကုမ္ပဏီ Bugatti သည် ၎င်းတို့၏ ကားဝယ်ယူထားသူများအား စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ တင်းကြပ်စွာ ချမှတ်ထားမှုမှာ လူသိများသည်။

Bugatti ဝယ်ယူထားသော ကားပိုင်ရှင်များသည် မွမ်းမံထိန်းသိမ်းမှုအတွက် နှစ်စဉ် ကန်ဒေါ်လာ ၂၁၀၀၀ သုံးစွဲပေးရမည့်အပြင် မိုင် ၁၀,၀၀၀ မောင်းနှင်ပြီးတိုင်း ကားတာယာများ လဲလှယ်ရန် စည်းမျဉ်း သတ်မှတ်ထား သည်။

အဆိုပါ ထိန်းသိမ်းစရိတ်များမှာ ကားတန်ဖိုးနှင့်ယှဉ်လျှင် ရေတစ်ပေါက်မျှသာ ရှိသည်ဟု ဆိုနိုင်သော်လည်း ထိုစရိတ်များက Bugatti ကို ထိန်းသိမ်းရန် ကရိကထ များစေသည်။

Motor Trend ၏ ဖော်ပြချက်အရ Bugatti ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ သန်းမှ ၁၂ ဒသမ ၅ သန်းကြား ရှိသည်။

သို့သော် တွမ်ခရုစ် Bugatti ဝယ်ယူခွင့် ပိတ်ပင်ခံရခြင်းမှာ အထက်ပါ စည်းမျဉ်းများ ချိုးဖောက်မှုကြောင့် မဟုတ်။

တွမ်ခရုစ်သည် ၂၀၀၆ ခုနှစ်အတွင်း သူ၏ ကမ္ဘာကျော်ရုပ်ရှင်ကား Mission Impossible 3 စာနယ်ဇင်း မိတ်ဆက်ပွဲတွင် သူ၏ Bugatti Veyron မှ ခရီးသည်လိုက်ပါသောဘက်အခြမ်း ကားတံခါးကို ဖွင့်ရန် စက္ကန့် ၄၀ ခန့် အချိန်ယူကာ ဖွင့်နေခဲ့သည်။

ထိုမြင်ကွင်းကို ပွဲတက်လာသူများစွာအပြင် ကမ္ဘာတစ်ဝန်းမှ ပရိသတ်ပေါင်းများစွာ တွေ့မြင်ခဲ့ကြသည်။

သူ၏ ပရိသတ်များက သာမန်အဖြစ်အပျက်ဟုသာ သဘောထားသော်လည်း Bugatti ကုမ္ပဏီကမူ ၎င်းတို့အား နာမည်ဖျက်သည်ဟု ယူဆကာ တွမ်ခရုစ်အား Blacklist သွင်းပြီး ၎င်းတို့၏ ကားများဝယ်ယူခွင့် တသက်တာ ပိတ်ပင်ခဲ့သည်။

 


(ဓာတ်ပုံ-Daniel Leal-WPA Pool/Getty Images)

တွမ်ခရုစ်အတွက် များစွာ စိတ်မကောင်းမဖြစ်ပါနှင့်။

ယင်းသို့ ပိတ်ပင်ခံထားရသော အခြားသူများလည်း ရှိနေသည်။

ဖလွိုက်မေဝယ်သာ ၊ဆိုင်မွန်ကိုဝဲလ်၊ ၂၀၀၉ ခုနှစ် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ Jenson Button၊ ကင်ကာဒါရှီယန်နှင့် ဂျက်စတင်ဘီဘာတို့လည်း Bugatti ဝယ်ယူခွင့် ပိတ်ပင်ခံထားရသည်။

တွမ်ခရုစ်၏ ကားဂိုဒေါင်တွင် Bugatti ကားသစ်တွေ့မြင်ရဖွယ် မရှိတော့သော်လည်း အခြားသော Luxury ကားများဖြစ်သည့် BMW,Chevrolet နှင့် Mustang အစရှိသော ကားများ ဝယ်ယူစီးနင်းနိုင်ပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tom Cruise has been permanently banned from ever buying a Bugatti (unilad)

Photo Credit- Scott Olson/Getty Images, Daniel Leal - WPA Pool,