• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မြန်မာနိုင်ငံတွင် ဆီဈေးများ မြင့်တက်လာသောကြောင့် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းလာနေကြကြောင်း XINHUA သတင်းဌာနက ဖော်ပြ

မြန်မာနိုင်ငံတွင် ဆီဈေးများ မြင့်တက်လာသောကြောင့် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းလာနေကြကြောင်း XINHUA သတင်းဌာနက ဖော်ပြ

  • 380 views

လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပေါ် ရတက်မအေး ဖြစ်မှုများ ကြောင့် မြန်မာနိုင်ငံမှ ကားပိုင်ရှင်များစွာမှာ လျှပ်စစ်ကားများဆီသို့ ကူးပြောင်းလာကြကြောင်း ဆင်ဟွာ (XINHUA) သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရန်ကုန်မြို့မှ ရေသန့်စက်ရုံပိုင်ရှင် အသက် ၄၃ နှစ်အရွယ်ရှိ ကိုဆွေနိုင်သည် မကြာသေးမီက လျှပ်စစ်ကား ပြောင်းလဲအသုံးပြုခဲ့သူတစ်ဦး ဖြစ်သည်။
“လောင်စာဆီတွေက ဈေးတက်နေတယ်။ တခါတလေမှာ လောင်စာဆီ မလုံလောက်ဘူး။ ဆီတန်းစီရတာက စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော် EV ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းက ဆင်ဟွာသတင်းဌာန သို့ ပြောသည်။

“ကျွန်တော် ဝယ်လိုက်တဲ့ကားက တရုတ်ပြည်က ထုတ်တဲ့ကားပါ။ ဒီကား ဝယ်ပြီးတော့ စီးရတာ ဆိတ်ငြိမ်လာ တယ်။ ကုန်ကျစရိတ် ပိုပြီး သက်သာတယ်။ ကျွန်တော်အိမ်ကနေ ရုံးကိုပဲ မောင်းပါတယ်။ တစ်ကြိမ်အားသွင်း ထားရင် ၃၊၄ ရက်လောက် မောင်းလို့ရတယ်။ အဲဒါကြောင့် လောင်စာဆီဖိုး သက်သာပါတယ်”ဟု ၎င်းက ပြောသည်။

 

(ရန်ကုန်မြို့တွင် လျှပ်စစ်ကား အမှတ်တံဆိပ်တစ်ခု၏ ကြော်ငြာတစ်ခုကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Myo Kyaw Soe/Xinhua)

 

EV စီးနေသည်မှာ ၆ လရှိပြီဖြစ်သော အသက် ၄၃ နှစ်အရွယ်ရှိ ကိုမျိုးဆွေက ပြောသည်မှာ “EV တွေရဲ့ အားသာချက်က အမြန်နှုန်းတင်နိုင်မှု မြန်ဆန်တာ၊ ကာဗွန်ထုတ်လွှတ်မှုမရှိတာအပြင် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ချက် နည်းပါးတာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

“လက်ရှိအားဖြင့် ကမ္ဘာတဝန်း EV ဈေးကွက်မှာ တရုတ်ပြည်က ဦးဆောင်နေပါတယ်။ တရုတ် EV တွေ မြန်မာပြည်ကို အလုံးအရင်းဝင်ရောက်လာတာကြောင့် အလွယ်တကူ ဝယ်ယူနိုင်ပြီး သင့်တော်တဲ့ ဈေးနဲ့ ရလာပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရန်ကုန်မြို့နေ အသက် ၅၀ အရွယ်ရှိ ဦးကျော်စိုးက Xinhua သတင်းဌာနသို့ ပြောသည်မှာ မြန်မာပြည်တွင် များစွာသောသူတို့မှာ EV များသုံးစွဲလာကြပြီး မိမိလည်း EV အသစ်တစ်စီး ဝယ်ယူထားကြောင်း ပြောသည်။

“ကျွန်တော့်မှာ ဆီကား ၂ စီး ရှိပြီးသားပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဒီ EV ကို ဝယ်လိုက်တယ်။ ကျွန်တော် ဒါကို သုံးကြည့်ချင်တယ်လေ”ဟု ၎င်းက ပြောသည်။

သို့သော် မြန်မာပြည်တွင် အားသွင်းစခန်းများ နည်းပါးနေမှုမှာ EV စီးသူတို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့နေ EV စီးသူတစ်ဦးဖြစ်သော အသက် ၃၂ နှစ်အရွယ်ရှိ ကိုခိုင်ထူးက ပြောသည်မှာ စရိတ် သက်သာခြင်းအပြင် စီးရသည်မှာ ပိုမိုကောင်းမွန်သောအချက်များက EV ဆီသို့ ကူးပြောင်းစေခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

“ပြီးခဲ့တဲ့လတွေက ဆီပြတ်လပ်မှုတွေကြောင့် ကျွန်တော့်အနေနဲ့ EV ဝယ်ဖို့ စဉ်းစားလာခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်ဝယ်လိုက်တဲ့ကားက တရုတ်ပြည်က BYD ထုတ်ပါ။ အများအားဖြင့်တော့ ရန်ကုန်မြို့ထဲပဲ စီးပါတယ်။ စီးရတာ တော်တော်ကောင်းပါတယ်။ ဆိတ်ငြိမ်ပြီး ပေါ့ပါးတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

 


(ရန်ကုန်မြို့ရှိ EV အားသွင်းစခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်က အားသွင်းနေသော EV များကို တွေ့ရပုံ။ ဓာတ်ပုံ-Myo Kyaw Soe/Xinhua)


ကားပိုင်ရှင်များအပြင် ခရီးသည်များမှာလည်း EV များကို နှစ်သက်ကြသည်။

အသက် ၆၀ ကျော်အရွယ်ရှိ ခရီးသည်တစ်ဦးဖြစ်သူ ဦးကျော်ထွန်းက ရန်ကုန်မှ ဧရာဝတီတိုင်း၊ ဖျာပုံမြို့သို့ သွားသောခရီးတွင် EV ၏ လေအေးပေးစက်အပေါ် များစွာချီးမွမ်းခဲ့သည်။

“ကျွန်တော်က ရန်ကုန်ကို အလုပ်အတွက် မကြာခဏသွားရပါတယ်။ ရန်ကုန်နဲ့ ဖျာပုံကို EV တွေနဲ့ ခရီးစဉ်တွေ ရှိလာပြီးတဲ့နောက်မှာ ကျွန်တော် EV ကားတွေကိုပဲ စီးဖြစ်တယ်။ ဒီကားတွေက ဆိတ်ငြိမ်ပြီး လေအေးပေးစက် တွေကလည်း သိပ်ကိုကောင်းတယ်” ဟု ၎င်းက ပြောသည်။

 


(ရန်ကုန်မြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်က ကျင်းပခဲ့သော Pannita ကားပြပွဲ၌ တရုတ်ပြည်မှ တင်သွင်း လာသော BYD e2 လျှပ်စစ်ကားကို ပြပွဲလာသူတို့ လေ့လာနေပုံ။ ဓာတ်ပုံ-Myo Kyaw Soe/ Xinhua)

 

စက်မှုဝန်ကြီးဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်မြတ်မွန်သိန်းက ပြောသည်မှာ “လူအများ၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့မြို့ပြတွေကပြည်သူတွေဟာ EV ကားတွေ ပြောင်းစီးလာကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာ့ဆီဈေးနှုန်းတွေက မြင့်တက်နေတာကြောင့်ပါ” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ EV အားလုံးနီးပါးမှာ တရုတ်ပြည်မှဖြစ်ကြောင်း၊ EV နည်းပညာတွင် တရုတ်ပြည်၏ ဦးဆောင်နေမှု အနေအထားကို ပြသနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Myanmar embraces e-mobility transition amid fuel price hike (xinhua)


 Photo Credit:  Myo Kyaw Soe/Xinhua